ထားဝယ်မြို့နယ်က အရက်ဆိုင်တွေကို KTLA ဝင်ရောက်စစ်ဆေးပြီး အရက်၊ ဘီယာ တွေကိုဖျက်ဆီး၊ ငွေကြေးအများအပြားတောင်းယူသွားတယ်လို့ ဒေသခံတွေ ပြော
ထားဝယ်မြို့နယ်က အရက်ဆိုင်တွေကို KTLA ဝင်ရောက်စစ်ဆေးပြီး အရက်၊ ဘီယာ တွေကိုဖျက်ဆီး၊ ငွေကြေးအများအပြားတောင်းယူသွားတယ်လို့ ဒေသခံတွေ ပြော

ထားဝယ်မြို့နယ်၊ အရှေ့တာဒေသက ရမ္မဇူရွာကအရက်ဆိုင် ၃ ဆိုင်ကို ကော်သူးလေတပ်မတော်(KTLA) က ဝင်ရောက်စစ်ဆေးပြီး အရက်ပုလင်းတွေကိုဖျက်ဆီးခဲ့တဲ့အပြင် ငွေကြေးအများအပြားတောင်းယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက်ပိုင်းက အရှေ့တောဒေသ၊ ရမ္မဇူရွာရွာကို ဗိုလ်အယ်ခွီးကိုယ်တိုင်ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင် အင်အား ၃၀ လောက်က အရက်နဲ့ဘီယာဆိုင် ၃ ဆိုင်ကိုဝင်ရောက်ပြီး အခုလိုလုပ်ဆောင်သွားတာလို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေကဆိုပါတယ်။
သူတို့ဝင်ရောက်စစ်ဆေးပြီး ဖျက်ဆီးခဲ့တဲ့အရက်နဲ့ဘီယာပုလင်းတွေဟာ စစ်ကောင်စီထုတ်မဟုတ်တဲ့ အရက်နဲ့ဘီယာတွေဖြစ်တယ်လို့လည်း သိရပါတယ်။
“အရက်၊ ဘီယာ၊ ဝိုင် ဆိုင်မှာရှိတာအကုန်လုံးကို ဆိုင်ရှေ့မှာပုံချပြီး ဖျက်ဆီးပစ်တာ။ အဲဒါတွေက စစ်ကောင်စီထုတ်မဟုတ်တဲ့ဟာတွေပါ” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
အဲဒီနောက် အရက်ဆိုင်သုံးဆိုင်က သိန်းရာနဲ့ချီတောင်းခံခဲ့ပြီး ဆိုင်ရှင်တွေက မပေးနိုင်လို့ညှိနှိုင်းရာမှာ အရက်ဆိုင် နှစ်ဆိုင်က ကျပ်သိန်း ၃၀ စီနဲ့ နောက်တဆိုင်က ကျပ် ၁၀ သိန်းကိုယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအပေါ် ဒေသခံအမျိုးသားတစ်ဦးက “ဒီဘက်မှာက သူတို့ကို အားကိုးနေကြတာ။ အခုက တရားဝင်ရောင်းလို့ရတဲ့ဟာတွေကို ဖျက်ဆီးတဲ့အပြင်မှ ပိုက်ဆံပါတောင်းသွားတာဆိုတော့ ဝမ်းနည်းရတာပေါ့” လို့ပြောပါတယ်။
ဒီနေ့ မွန်းလွဲ ၃ နာရီလောက်မှာတော့ ကော်သူးလေတပ်မတော်တပ်ဖွဲ့ဝင်တွ ရမ္မဇူရွာထဲကနေပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး ကော်သူးလေတပ်မတော် ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းကို တနင်္သာရီတိုမ်းက ဆက်သွယ်မေးမြန်းခဲ့ချိန်မှာ အဲဒီကိစ္စကို စုံစမ်းနေတဲ့အကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
“အဲဒီကိစ္စကို ကျနော်တို့လည်းစုံစမ်းနေပါတယ်။ ကျနော်တို့လည်း တိတိကျကျသိချင်တယ်။ တကယ်လို့များ ကျနော်တို့ရဲ့ နယ်မြေက တာဝန်ခံတပ်မှူးတွေကလုပ်ခဲ့တယ်ဆိုရင်လည်း တာဝန်ယူမှုတာဝန်ခံမှုရှိရှိနဲ့ဖြေရှင်းပေးမှာဖြစ်ပါတယ်။ လောလောဆယ်တော့ ပြန်ကြားရေးဌာနအနေနဲ့ ဘာမှတိတိကျကျမသိရသေးပါဘူး” လို့ ရဲဘော်ကိုချမ်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် လကုန်ပိုင်းကတော့ အရှေ့တောဒေသက စစ်ကောင်စီနဲ့ဆိုင်တဲ့လုပ်ငန်းတွေကို စက်တင်ဘာလအတွင်း ရပ်တန့်ပစ်မယ်လို့ ကော်သူးလေတပ်မတော် ဆာကဆောတပ်မက ကြေညာခဲ့ဖူးပါတယ်။
The Tanintharyi Times