သပိတ်ဦးဆောင်သူ ကိုမင်းလွင်ဦးရဲ့ဖခင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ စစ်ကောင်စီတရားစွဲ

သပိတ်ဦးဆောင်သူ ကိုမင်းလွင်ဦးရဲ့ဖခင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ စစ်ကောင်စီတရားစွဲ

ဓာတ်ပုံ - ကိုမင်းလွင်ဦးရဲ့ ဖခင် ဦးအောင်ဖေ။

အကြမ်းမဖက် လူထုတော်လှန်ရေးကို ဦးဆောင်နေတဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ဖခင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

ကိုမင်းလွင်ဦးရဲ့ဖခင် ဦးအောင်ဖေဟာ အသက် ၆၅ နှစ်အရွယ်ရှိပြီး လောင်းလုံးမြို့နယ်တရားရုံးက တရားစွဲဆိုလိုက်တာပါ။

“မနေ့က လာတွေ့ဖို့အကြောင်းကြားလာလို့ သွားတွေ့ကြတယ်တဲ့။ သူတို့ကတရားစွဲတဲ့အချိန်တွေ့ခွင့်ပေးမယ်ပြောထားတာရှိတယ်။ ဒီတော့ မနေ့ကတရားစွဲတာဖြစ်နိုင်ပါတယ်” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။

ဦးအောင်ဖေကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာကနေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကောင်စီတပ်က အိမ်ကိုမွှေနှောက်ရှာဖွေကာ ကျောင်းသားသမဂ္ဂလက်ပတ်နဲ့ သပိတ်င်္အကျီတွေ့တယ်လို့ဆိုကာ ဖမ်းဆီးသွားတာပဲဖြစ်ပါတယ်။

ကိုမင်းလွင်ဦးကတော့ အဲဒီပစ္စည်းတွေဟာ သူ့ရဲ့ဖခင်နဲ့ မဆိုင်တဲ့ပစ္စည်းတွေသာဖြစ်လို့ သက်သက်မဲ့စွပ်စွဲဖမ်းဆီးပြီး မတရားပုဒ်မတပ်တရားစွဲတာသာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်ကအသက်မပြည့်သေးတဲ့ကလေးလည်း မဟုတ်ဘူး။ ကိုယ်ယုံကြည်ရာကိုယ်လုပ်နေတဲ့အချိန်မှာ မိဘနဲ့ဘာမှမဆိုင်ဘူး။ သားသမီးမရရင် မိဘကိုရန်ရှာတာကတော့ သူတို့လုပ်နေကျပေါ့။ ကိုယ့်ကြောင့်ကိုယ့်အဖေကခံရတာဆိုတော့ စိတ်တော့မကောင်းဘူး” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။

ကိုမင်းလွင်ဦးရဲ့အဖေဟာ ကျန်းမာရေးမကောင်းသူတစ်ယောက်​ဖြစ်ပြီး ဖမ်းဆီးခံရချိန်ကစလို့ ၂ လနီးပါးကြာတဲ့အထိ မိသားစုဝင်‌တွေနဲ့တွေ့ခွင့်မပေးခဲ့ဘဲ မနေ့ကမှပထမဆုံးအကြိမ်တွေ့ခွင့်ရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာလည်း သူ့ကိုလောင်းလုံးမြို့မရဲစခန်းအချုပ်မှာ ဆက်လက် ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနစ် နိုဝင်ဘာလမှာလည်း ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဒုဥက္ကဌဖြစ်သူ မသီရိမိုးရဲ့အမေကို စစ်ကောင်စီတပ်ကဖမ်းဆီးကာ ၅၀၅ (က) နဲ့တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

အခုလို သားသမီးကိုဖမ်းမရတာကြောင့် မိဘကိုဖမ်းဆီးတာ၊ အမျိုးသားကိုဖမ်းမရလို့ ဇနီးဖြစ်သူကိုဖမ်းဆီးတာ၊ ဓားစာခံအဖြစ်ဖမ်းဆီးပြီး လူလဲအဖမ်းခံခိုင်းတာအပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ မိဘတွေကိုသတ်ဖြတ်တာတွေကိုလည်း တနင်္သာရီတိုင်းအပါအဝင် တနိုင်ငံလုံးမှာ စစ်ကောင်စီတပ်ကပြုလုပ်နေပါတယ်။

The Tanintharyi Times