ဇူလိုင် ၁၄ ရက် The Tanintharyi Times ရဲ့ မနက်ခင်းသတင်း

ဇူလိုင် ၁၄ ရက် The Tanintharyi Times ရဲ့ မနက်ခင်းသတင်း

လောင်းလုံးကပျူစောထီးတွေ ညဘက်‌ကင်းလှည့်ပြီး သေနတ်တွေ ပစ်ဖောက်နေ

ပျူစောထီးတွေဟာ လောင်းလုံးမြို့ပေါ်မှာ ညဘက်ကင်းလှည့်တာနဲ့ ခြိမ်းခြောက်သေနတ် ပစ်ဖောက်တာတွေကိုပြုလုပ်နေတယ်လို့မြို့ခံတွေထံက သိရပါတယ်။

အဲဒီပျူစောထီးတွေဟာ စစ်တပ်နဲ့ရဲတွေ ကင်းမလှည့်ခင်တစ်ကြိမ် နဲ့ညနက်ပိုင်းတစ်ကြိမ် ကင်းလှည့်တတ်ပြီး လမ်းဆုံတချို့မှာ ကင်းစခန်းချပြီးစောင့်တာတွေကိုလည်းပြုလုပ်တယ်လို့ မြို့ခံတွေကဆိုပါတယ်။

လောင်းလုံးမြို့ပေါ်ကပျူစောထီး ၁၀ ဦးကျော်လောက်ကို စစ်ကောင်စီတပ်သားတွေက ဇွန်လအကုန်ပိုင်းက စစ်သင်တန်းပေးတာ၊သေနတ်ပစ်လေ့ကျင့်ပေးတာနဲ့ မောင်းပြန်သေနတ်တွေလည်း ကိုင်ဆောင်ဖို့ ပေးထားပါတယ်။

——————–
ထားဝယ်မြို့ခံလူငယ်တစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

ထားဝယ် မြို့ရှိ DDPC စျေးဝယ်စင်တာအနီးမှာ ဆိုင်ကယ်ရပ်မပေးတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့  မြို့ခံတွေဆီကနေ သိရပါတယ်။

သေဆုံးသူ ဟာ မြို့သစ်ရပ်ကွက်နေ  အသက်(၂၂)အရွယ် ကိုပိုင်ပိုင် ဖြစ်ပြီး ဇူလိုင် (၁၀)ရက်နေ့ မနက် (၃) နာရီလောက်က သူငယ်ချင်းအိမ်ကအပြန်လမ်းမှာ ဆိုင်ကယ်စစ်တာ အစစ်မခံပဲ မောင်းပြေးလို့ ပစ်သတ်ခံခဲ့ရတာ လို့ သိရပါတယ်။

ကိုပိုင်ပိုင်ဟာ လည်ပင်းနဲ့ ဝမ်းဗိုက်မှာ ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

◉ သောက်သုံးရေရအောင် အရေးပေါ် ဘယ်လိုဖြေရှင်းမလဲ

——————–
ထားဝယ်-မေတ္တာလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကဖမ်းဆီးသွားတဲ့ဒေသခံတွေ တစ်ပတ်ကျော်ကြာတဲ့အထိ ပြန်မလွတ်သေး

 စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ထားဝယ်မြို့ အရှေ့တောဒေသက ဒေသခံတွေဟာ တစ်ပတ်ကျော်ကြာတဲ့အထိပြန်မလွတ်လာသေးဘူးလို့သိရပါတယ်။

ထားဝယ်ကနေ ထီးခီးနယ်စပ်ဖက်ကို ထွက်ခွာလာတဲ့စစ်ကောင်စီယာဥ်တန်းဟာ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်တို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံငါးဦးထက်မနည်းကိုဖမ်းဆီးသွားခဲ့ပါတယ်။

သင်္ကန်းတုံးရွာက ရွာသား ၃ ဦး၊ ဘဝပင်ရွာက ရွာသားတစ်ဦးနဲ့ လမ်းမှာဆန်ကားမောင်းလာတဲ့ဆိတ်ဖြုန်းရွာသားတစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့ပြီး သူတို့ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာကိုမသိရသေးသလို ဇူလိုင်လ ၁၃ ရက်အထိလည်း ပြန်မလွတ်လာသေးပါဘူး။

——————–
ကရင်ကြီးကျေးရွာက ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးပစ်သတ်ခံရ

လောင်းလုံးမြို့နယ် ၊ ကရင်ကြီးကျေးရွာက ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ပစ်ခတ်ခံရသူဟာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမောင်ဝင်းဆိုသူဖြစ်ပြီး ဇူလိုင်မ ၁၃ရက် မနက် ၅ နာရီဝန်းကျင်အချိန်က သဘော့ဆိပ်စျေးမှာ စျေးရောင်းဖို့ပြင်ဆင်ပြီးအပြန်  လက်ဖက်ရည်ဆိုင်အနီးပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

◉ ကမ္ဘာကြီးကို ဘယ်သူက ကျွေးမွေးနေသတုန်း

——————–
ပုလောတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးဘက်က  KNUဗိုလ်တစ်ဦးအပါအဝင်သုံးဦး ကျဆုံး

ပဝတ်ကုန်းတိုက်ပွဲမှာ KNUက ဗိုလ်တစ်ဦး၊ ပုလောPDFရဲ့တပ်ခွဲမှုးတစ်ဦး နဲ့ KNDOတပ်သားတစ်ဦးကျဆုံးခဲ့ပါတယ်။

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အခုလိုကျဆုံးခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဟာဇူလိုင် ၁၃ ရက် မနက် ၅နာရီခွဲအချိန်ကစဖြစ်ပွားခဲ့တာဖြစ်ပြီး KNUက တပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၂မှ ဗိုလ်ဖအေးနဲ့ KNDO က ရဲဘော်တစ်ဦးတို့ကျဆုံးပြီးနောက်မှာ သူတို့ရဲ့အလောင်းကိုတက်ကောက်ချိန် ပုလောPDF တပ်ခွဲက တပ်ခွဲမှုး ကိုစော်ဘွား စနိုက်ပါကျည် ဦးခေါင်းနဲ့တင်ပါးကိုထိမှန်ခဲ့ပြီးကျဆုံးသွားတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးထံကနေသိရပါတယ်။

The Tanintharyi Times