တစ်ပတ်တာ မြန်မာ
တစ်ပတ်တာ မြန်မာ

နိုင်ငံတဝှမ်းမှာ ဇွန် ၈ရက်ကနေ ၁၄ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ရှစ်ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
၁။ ဘောဒီစခန်းသိမ်းတိုက်ပွဲကနေ စစ်ကောင်စီတပ်သားတွေ လက်နက်ယူပြီး ထိုင်းဘက်ထွက်ပြေး
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄)နယ်မြေမှာရှိတဲ့ ဘောဒီ (ခေါ် )အမို နယ်စပ် စစ်ကောင်စီတပ်စခန်းကို အခုလ ၁၀ ရက်က သိမ်းပိုက်ခဲ့ရာ စစ်သားအများစုမှာ လက်နက်တွေယူပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြောင်း People’s Spring က သတင်းဖော်ပြပါတယ်။အင်အား ၆၀ ခန့် တပ်စွဲထားတဲ့ အဲ့ဒီတပ်စခန်းကို အခုလ ၈ရက်က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး KNU/KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာပါ။ စခန်းသိမ်းတိုက်ပွဲကနေ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၀လက်ခန့်ရရှိကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

၂။ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီး ပုလဲမြို့နယ်မှာ ပစ်ချခံရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပစ်ချခံရတဲ့ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာပျက်ကျမှုမှာ လေယာဉ်မှူးသေဆုံးပြီး ပြုတ်ကျခဲ့တဲ့ လေယာဉ်ရဲ့အပိုင်းအစတွေကြောင့် အရပ်သားလေးဦးလည်း သေဆုံးခဲ့ပါတယ်။ အခုလ ၁၀ရက် နေ့လယ်ပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAနဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို ပစ်ချခဲ့ရာမှာ တိုက်လေယာဉ်ဟာ ကျေးရွာတစ်ရွာအတွင်း ထိုးဆင်းပျက်ကျခဲ့ပြီး လေယာဉ်ရဲ့ အစိတ်အပိုင်းအချို့လည်း နေအိမ်ခြံဝင်းအတွင်း ကျရောက်မီးလောင်ခဲ့ပါတယ်။ လေယာဉ်ပျက်ကျချိန်မှာ မင်းတိုင်ပင်ရွာကနေ စစ်ဘေးရှောင်ဖို့ ရောက်ရှိနေတဲ့ အမျိုးသမီးတစ်ဦးနဲ့ စပါးစေ့ရွာက ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပျက်ကျခဲ့တဲ့ လေယာဥ်ရဲ့ လေယာဥ်မှူးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကိုလည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။ အဆိုပါလေယာဥ်ဟာ ထိုးစစ်ဆင်တိုက်နေတဲ့ ကန့်ဒေါင့်စခန်းကို လေကြောင်းတိုက်ခိုက်ဖို့လာတာဖြစ်ပြီး PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တာလို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက People’s Springကို ပြောပါတယ်။
၃။ မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို အရပ်သားတွေ သွားလာခွင့် KIA၊ KPDF ယာယီတားမြစ်
ဖားကန့်မှာ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်အားဖြည့်တင်းလာနိုင်တဲ့အတွက် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရ လတ်တလော အသုံးမပြုကြဖို့ KIA၊ KPDF ပူးပေါင်းတပ်က ဒေသခံတွေကို သတိပေးထားကြောင်း အခုလ ၁၁ ရက်မှာ People’s Springက ရေးသားထားပါတယ်။ ဖားကန့်ကို သွားနိုင်တဲ့ လမ်းတွေက မြစ်ကြီးနား- မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းရှိသကဲ့သို့ မိုးညှင်း-ဟိုပင်- ဝှေခါ -ဖားကန့်လမ်းလည်း ရှိနေတဲ့ အထဲမှာမှ မိုးညှင်း-ဟိုပင်- ဝှေခါ -ဖားကန့်လမ်းကိုသာ အရပ်သားတွေ အသုံးပြုနေတာလို့ ဆိုပါတယ်။ တားမြစ်ထားတဲ့လမ်းပိုင်းကနေ ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့လ ၂၉ရက်မှာပဲ ဖားကန့်ကို ရောက်ရှိလာခဲ့တာပါ။

၄။ နတ်ရေကန်ဗျူဟာကုန်းက ထွက်ပြေးတဲ့ စစ်ကောက်စီတပ်သား ၂၃ဦးကို CDF-အရှိုဖမ်းဆီး
မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကောင်စီရဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)က စစ်ကောင်စီတပ်သား ၂၃ဦးကို ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို က ဖမ်းဆီးရမိခဲ့ပါတယ်။ ဗျူဟာကုန်း အနီးကို အခုလ ၈ ရက်ကနေ ၁၂ရက်အတွင်း ဖြတ်တောက်တိုက်ခိုက်ရှင်းလင်းရေးလုပ်နေစဉ်မှာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းမိခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက People’s Spring ကို ပြောပါတယ်။ ဖမ်းမိသူတွေက ငါးရက်အတွင်း ထွက်ပြေးလာတဲ့သူတွေ ဖြစ်ပြီး MA – 1 ငါးလက်၊ MA – 3 သုံးလက်နဲ့ ခဲယမ်းအချို့လည်း သိမ်းရခဲ့ပါတယ်။
၅။ စစ်ကောင်စီ ဆေးဝါးဖြတ်လို့ သေဆုံးတဲ့အကျဉ်းသား ၁၀ ဦးအထိ ရှိလာ
နိုင်ငံတစ်ဝှမ်း အကျဉ်းထောင်တွေထဲမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတဲ့အတွက် သေဆုံးတဲ့ အကျဉ်းသား ၁၀ ဦးအထိ ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က အခုလ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။ အကျဥ်းထောင်တွေအတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မပေးခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းကျခံနေရသူတွေဟာ ရောဂါတွေဖြစ်ပွားခြင်းနဲ့ ဆေးကုသခွင့်ဆုံးရှုံးကာ ရောဂါအခံတွေပိုမိုဆိုးရွားလာပြီး သေဆုံးသင့်တဲ့ အခြေအနေမဟုတ်ဘဲ အသက်ပေးနေရတယ်လို့ PPNM က ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်ကစပြီး အခုလ ၁၁ ရက်နေ့အထိ စစ်ကောင်စီကြောင့် ပြည်သူ ၆၇၉၄ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉၂၆၅ ဦးရှိကာ အဲ့ဒီထဲက ၂၂၁၂၅ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
၆။ ထောင်ပြောင်းချိန်မှာ မုံရွာသပိတ်ကော်မတီခေါင်းဆောင် ကိုဝေမိုးနိုင်အရိုက်ခံရပြီး ထောင်ဆေးရုံပို့ထားရ
မုံရွာအကျဉ်းထောင်ကနေ မန္တလေး အိုးဘိုအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဝေမိုးနိုင်ဟာ အိုးဘိုထောင်ဘူးဝမှာ ရိုက်နှက်ခံရပြီးနောက် ထောင်ဆေးရုံကို ပို့ထားရတယ်လို့ ဘီဘီစီက သတင်းဖော်ပြပါတယ်။ မုံရွာကနေ မန္တလေးကို ပြောင်းရွေ့ချိန် နေပူမှာ ထောင်ကားစီးလာရတဲ့ဒဏ်၊ ထောင်ရောက်ရောက်ချင်းမှာ အရိုက်ခံရပြီး ရတဲ့ ဒဏ်ရာတွေနဲ့ သွေးတိုးရောဂါအခံရှိတာကြောင့် ထောင်ဆေးရုံတင်ထားရတာလို့ အိုးဘိုထောင်နဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။ မုံရွာသပိတ်ကော်မတီ ခေါင်းဆောင်ဖြစ်တဲ့ ကိုဝေမိုးနိုင်ဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြတာ၊ မုံရွာမြို့မှာ ရဲနှစ်ယောက် သေဆုံးတာနဲ့ ပတ်သက်ပြီး စွပ်စွဲကာ ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခံထားရပါတယ်။
၇။ မြန်မာဒုက္ခသည်တွေ ခေါ်ယူနေရာချထားရေးစီမံကိန်း တောင်ကိုရီးယား ဖျက်သိမ်း
တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဘို့ ယောင်ယန်းဒေသမှာ လူဦးရေ ဆိုးရွားစွာ လျော့နည်းကျဆင်းနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ စီစဉ်ထားခဲ့တဲ့ “မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ခေါ်ယူနေရာချထားရေး စီမံကိန်း” ကို အပြည့်အဝ ဖျက်သိမ်းလိုက်ရကြောင်း အခုလ ၁၁ ရက်မှာ တာဝန်ရှိသူတွေက ထုတ်ပြန်ကြောင်း DVB က သတင်းဖော်ပြပါတယ်။ ယောင်ယန်းဒေသကို UNHCR ကတဆင့် ထိုင်း-မြန်မာနယ်စပ်က မြန်မာလူမျိုး ဒုက္ခသည် ၄၀ လောက်ကို ပထမအကြိမ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့် ဒေသခံတွေရဲ့ သဘောထားနဲ့ တရားရေးဝန်ကြီးဌာန ဆွေးနွေးမှုတို့မှာ အခက်အခဲတွေ ကြုံလာတဲ့အတွက် အခုလို ဖျက်သိမ်းလိုက်တာလို့ တောင်ကိုရီးယားနိုင်ငံ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ မြန်မာဒုက္ခသည် ခေါ်ယူနေရာချထားရေး အစီအစဥ် ဖျက်သိမ်းလိုက်ရပေမယ့် လူဦးရေ များစေရေးအတွက် တခြားစီမံကိန်းတွေကို ဆက်လက်မြှင့်တင်ဖို့ စီမံသွားမယ်လို့ ယောင်ယန်းခရိုင်ဒေသ တာဝန်ခံ အိုဒိုချန်းက ပြောပါတယ်။
၈။ CDM မဝင်တဲ့ ဝန်ထမ်းတွေကို တရားစွဲအရေးယူနိုင်တဲ့ ဥပဒေကို CRPH ပြဋ္ဌာန်း
စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို တရားစွဲတဲ့အထိ အရေးယူနိုင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေကို အခုလ ၁၃ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြဋ္ဌာန်းလိုက်ပါတယ်။ တရားစွဲဆို အရေးယူလို့ရတဲ့ အကြောင်းအရာတွေထဲမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုမှာ ပူးပေါင်းပါဝင်တာ၊ အာဏာသိမ်းတာကို ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်တာ၊ အဂတိလိုက်စားမှုကျူးလွန်ပြီး မတရားတဲ့နည်းနဲ့ နိုင်ငံပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို ရယူသုံးစွဲ၊ ပျက်စီးဆုံးရှုံးစေတာ ဒါမှမဟုတ် ဖျက်ဆီးတာတွေ ပါဝင်ပါတယ်။ ဒါအပြင် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို တနည်းနည်းနဲ့ ဆုံးရှုံးအောင်လုပ်တာ၊ ပြည်သူလူထုအပေါ် တနည်းနည်းနဲ့ ဖိနှိပ်တာ ဒါမှမဟုတ် နစ်နာဆုံးရှုံးစေတယ်ဆိုရင်လည်း တရားစွဲတဲ့အထိ အရေးယူမယ်လို့ ဥပဒေမှာ ရေးဆွဲပြဋ္ဌာန်းထားပါတယ်။ CDM မဝင်ပေမဲ့ တော်လှန်ရေးအောင်မြင်အောင် ဆောင်ရွက်မှုတစ်ခုခုမှာ ထိထိရောက်ရောက် ပါဝင်ကူညီခဲ့တယ်လို့ အထောက်အထားတွေ့ရှိရင်တော့ အရေးယူမှု တစ်ခုခုကနေ ကင်းလွတ်တာ ဒါမှမဟုတ် သက်သာခွင့် ပြုနိုင်တယ်လို့လည်း ဆိုပါတယ်။

The Tanintharyi Times