ရငဲရွာမှာ ပြည်ခိုင်ဖြိုးပါတီဝင်ရဲ့ နေအိမ်တစ်ဆောင်မီးရှို့ခံရ

ရငဲရွာမှာ ပြည်ခိုင်ဖြိုးပါတီဝင်ရဲ့ နေအိမ်တစ်ဆောင်မီးရှို့ခံရ

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးရဲ့နေအိမ်တစ်ဆောင်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက လာရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဇွန်လ ၁၃ ရက် မွန်းလွဲ နှစ်နာရီခွဲမှာ ဦးဖိုးထော်ဆိုသူရဲ့ နေအိမ်မီးရှို့ခံခဲ့ရတာဖြစ်ပြီး သူဟာစစ်ကောင်စီသတင်းပေးလို့နာမည်ထွက်နေသူဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။

“PDF တွေက ဦးဖိုးထော်အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အုပ်ချုပ်ရေးမှူးအိမ်ကိုလည်း ဝင်ရှာသေးတယ်။ အိမ်ကသော့ပိတ်ထားလို့ဘာမှမလုပ်ခဲ့ဘူး ဒါ့အပြင် နောက်ထပ်အိမ်တစ်ဆောင်ကိုလည်းတံခါးကန်ဖျက်ပြီး အထဲက ပစ္စည်းတစ်ချို့ကို မီးရှို့ခဲ့တယ်”ဟု ရငဲ ရွာခံတစ်ဦးကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရွာတောင်ပိုင်းက ဦးဖိုးထော်နေအိမ်၊ ရွာလယ်ပိုင်းက ဦးဝင်းစိုးနဲ့ ဦးမောင်အေးတို့ရဲ့နေအိမ်တွေကို သွားရောက်ရှာဖွေခဲ့ပြီး အဲဒီသူတွေနေအိမ်မှာမရှိကြလို့ နေအိမ်ကို သေနတ်နဲ့ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

ဦးဖိုးထော်ရဲ့နေအိမ်ကတော့ မီးရှို့ခံရလို့နေအိမ်တစ်ခြမ်းမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့သင်္ကြန်ကာလက ရငဲရွာအနီး စစ်ကောင်စီယာဥ်တန်းတစ်ခုမိုင်းဆွဲခံရပြီးနောက် စစ်တပ်က ပြည်သူနှစ်ဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးပါတယ်။

The Tanintharyi Times