သရက်ချောင်းမှာ ဆယ်ကျော်သက်နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သရက်ချောင်းမှာ ဆယ်ကျော်သက်နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းရွာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆယ်ကျော်သက်နှစ်ဦးကို စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးနောက်မှာ အသက် ၁၆ နှစ်ဝန်းကျင်အရွယ်လူငယ်ယောင်္ကျားလေးနှစ်ဦးကို စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်ခဲ့လို့ သေဆုံးခဲ့​တယ်လို့ ဒေသခံတွေက ဆိုပါတယ််။

“တစ်နေ့တည်းမှာကို တိုက်ပွဲနှစ်ကြိမ်ဖြစ်တယ်။ တိုက်ပွဲနားတာနဲ့ကလေးနှစ်ယောက်ကိုဆွဲခေါ်ပြီးပစ်သတ်လိုက်တာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အောက်သရက်ချောင်းရွာထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွာသူ၊ ရွာသားနှစ်ဆယ်ခန့်ကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီအထဲက အမျိုးသမီးတွေကို အရင်လွှတ်ပေးကာ အမျိုးသားတွေကိုတော့ ညနေပိုင်းမှာမှလွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားတွေကို ဖမ်းဆီး၊ သတ်ဖြတ်ခဲ့တဲ့စစ်ကောင်စီတပ်သားတွေဟာ ရွာထဲက နေအိမ်တွေကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ရွာထဲကနေ ပြန်လည်ဆုတ်ခွာသွားပြီလို့ ဒေသခံတွေရဲ့‌ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့စနေနေ့ညနေပိုင်းကလည်း သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ခဲ့ပြီး ဒီကနေ့မနက်အထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း စစ်ကောင်စီတပ်ကဗုံးကြဲတိုက်ခိုက်လို့ ကနက်သီရိရွာက ဆယ်ကျော်သက်ယောင်္ကျားလေးနှစ်ဦးအပါအဝင် အရပ်သားငါးဦးသေဆုံးခဲ့ပါတယ်။

The Tanintharyi Times