နဘုလယ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု စစ်ကောင်စီဂိတ် စခန်းအနီးကျ၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိ

နဘုလယ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု စစ်ကောင်စီဂိတ် စခန်းအနီးကျ၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိ

ဒီနေ့မနက်ပိုင်းက ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကိုတိုက်ခိုက်ခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်​ကောင်စီရဲ့ ဂိတ်စခန်းအနီးကိုပဲကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်သူမရှိခဲ့ဘူးလို့သိရပါတယ်။

ဒီနေ့မနက် ၆နာရီဝန်းကျင်လောက်ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲက စစ်ကောင်စီဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန် မနက် ၈ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီဘက်ကလေယာဥ်နဲ့ ဗုံး ၅ လုံးခန့်ကြဲချခဲ့တယ်လို့သိရပါတယ်။

“အသံကတော့ ပေါက်ကွဲသံကိုအပြွတ်လိုက်ကြားရတယ်။ စခန်းနဲ့ကပ်ပြီးချသွားတာပဲ။ ဘာကိုမှမထိပါဘူး” လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။

ဒါ့အပြင်အခုဗုံးကြဲမှုကြောင့် ဒေသခံ ပြည်သူထိခိုက်ဒဏ်ရာရမှုလည်း မရှိဘူးလို့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောဆိုပါတယ်။ အဲဒီအပေါ်မှာ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။

တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ” အခုချိန်မှာ ပထမဆုံးအနေနဲ့ လေကြောင်းကိုပါအသုံးပြုပြီး တိုက်ခိုက်နေရပြီ။ ဒါဟာ တနင်္သာရီတိုင်းက မြေပြင်မှာဘယ်လိုမှစိုးမိုးလို့မရတော့ဘူးဆိုတာကို ပြသနေတာပဲ” လို့ပြောပါတယ်။

ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားကြဖို့နဲ့ အကူအညီလိုအပ်ရင် ​အနီးအနားက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ချိတ်ဆက်လုပ်ဆောင်ကြဖို့ သူကတိုက်တွန်းထားပါတယ်။

လက်ရှိမှာလည်း နဘုလယ်ဒေသနဲ့ အနီးအနားကရွာတွေမှာ ပစ်ခတ်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာရှိသေးတယ်။ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။

နဘုလယ်ဒေသနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အနီးတဝိုက်ရွာတချို့မှာတော့ ဒေသခံတွေ နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

The Tanintharyi Times