ထားဝယ်အရှေ့တောကို စစ်ကောင်စီတပ် စစ်ကူတွေဆက်တိုက်ပို့နေ
ထားဝယ်အရှေ့တောကို စစ်ကောင်စီတပ် စစ်ကူတွေဆက်တိုက်ပို့နေ
ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ရွာမှာ ဒီနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ရဲ့စစ်ကူတွေဝင်ရောက်လာနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။
ကျောက်မဲတောင်ရွာမှာ ဒီနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ KNDO၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုအခြေအနေတွေကိုတော့ သက်ဆိုင်ရာအဖွဲ့တွေကထုတ်ပြန်ထားတာမရှိသေးပါဘူး။
ညနေပိုင်းမှာ ထားဝယ်ကနေ တလိုင်းတောင်ရွာကို စစ်ကောင်စီတပ်သား အင်အား ၄၀ ဝန်းကျင်ပါတဲ့ ကားနှစ်စီးနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။
စစ်ကြောင်းတစ်ခုက တလိုင်းတောင်ဘုန်းကြီးကျောင်းကနေ သဗျာရွာဘက်ကိုသွားရောက်ခဲ့ပြီး နောက်စစ်ကြောင်းတစ်ခုက ဆီပင်ကောက်ရွာလမ်းဘက်ကနေသေနတ်ပစ်ဖောက်ပြီးဝင်ရောက်လာခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီအပြင် ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေပါလာတဲ့ စစ်ကား ၁၃ စီးပါယာဥ်တန်းတစ်ခုလည်း ထားဝယ်မြို့ကနေ သဗျာရွာကို ရောက်ရှိလာတယ်လို့ တွေ့မြင်လိုက်ရသူတွေကဆိုပါတယ်။
ဒီနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျောက်မဲတောင်ရွာကဒေသခံတွေနဲ့ စစ်ကောင်စီတပ်တွေရောက်ရှိလာနိုင်တဲ့ရွာတွေကဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အရှေ့တောနယ်ကို မေလ ၈ ရက်ကတည်းက စစ်ကောင်စီတပ်တွေအင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေခဲ့တာပါ။
