သင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပဖို့ တနင်္သာရီတိုင်းစစ်ကောင်စီ ​ပြင်ဆင်

သင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပဖို့ တနင်္သာရီတိုင်းစစ်ကောင်စီ ​ပြင်ဆင်

ဓာတ်ပုံ - မနှစ်ကကျင်းပခဲ့တဲ့ တနင်္သာရီတိုင်းသင်္ကြန် ဗဟိုမဏ္ဍပ်မြင်ကွင်း။

လာမယ့်သင်္ကြန်ပွဲတော်ကို အောင်အောင်မြင်မြင်နဲ့ စည်စည်ကားကားကျင်းပနိုင်ဖို့ဆိုပြီး တနင်္သာရီတိုင်းစစ်ကောင်စီက စပြီးပြင်ဆင်နေပါတယ်။

သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် မြိတ်မှာ အခုလ ၁၀ ရက်နေ့က ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သလို ထားဝယ်မြို့မှာလည်း အခုလ ၁၃ ရက်မှာပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဆိုသူ ဦးမြတ်ကိုက သူတို့အနေနဲ့ လာမယ့်သင်္ကြန်ပွဲတော်မှာ သင်္ကြန်မဏ္ဍပ်တွေ၊ ဖျော်ဖြေရေးတွေနဲ့ စတုဒီသာကျွေးမွေးတာတွေကို လုပ်ဆောင်ပေးသွားမယ်လို့ အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။

ပြည်သူတွေကို နည်းမျိုးစုံနဲ့နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီက ပြုလုပ်မယ့်သင်္ကြန်ပွဲတော်ကို ပြည်သူတွေအနေနဲ့ လုံးဝမသွားသင့်ဘူးလို့ ထားဝယ်မြို့ခံလူငယ်တစ်ဦးကပြောပါတယ်။

“ပြောလို့မရဘူးလေ။ မဏ္ဍပ်တွေမှာ သူတို့ဟာသူတို့ဖောက်ခွဲတာတွေလုပ်ပြီး PDF တွေလုပ်တယ်ခေါင်းလွှဲချရင်ဘယ်လိုလုပ်မလဲ။ အမှတ်မရှိတဲ့သူတွေကတော့ သွားရင်လည်းသွားကြမှာပေါ့” လို့ သူကဆိုပါတယ်။

မနှစ်က သင်္ကြန်အကျနေ့မှာ ထားဝယ်မြို့ပေါ်က ဆောက်လုပ်ရေးမဏ္ဍပ်အနီး လုံခြုံရေးတွေတိုးမြှင့်ထားတဲ့ကြားက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

အခုလာမယ့် သင်္ကြန်ပွဲတော်ကာလမှာ လုံခြုံရေးမလစ်ဟင်း​အောင် အလေးထားဆောင်ရွက်ပေးကြဖို့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဆိုသူ ဦးမြတ်ကိုက သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်ကစပြီးမကျင်းပဖြစ်ခဲ့တဲ့ သင်္ကြန်ပွဲတော်ကို စစ်ကောင်စီက မနှစ်ကပြန်လည်ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူအများစုကတော့ စစ်ကောင်စီက ကျင်းပတဲ့သင်္ကြန်ပွဲတော်ကို သပိတ်မှောက်ခဲ့ကြပါတယ်။

The Tanintharyi Times