စက်သုံးဆီ သယ်ယူတဲ့ တနင်္သာရီ ဒေသခံအမျိုးသားသုံးဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး

စက်သုံးဆီ သယ်ယူတဲ့ တနင်္သာရီ ဒေသခံအမျိုးသားသုံးဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး

ပုံစာ - လယ်တောင်ယာရွာထဲလမ်းတစ်နေရာ။

တနင်္သာရီမြို့နယ် မှာ စက်သုံးဆီ ဝယ်ယူပြီး မော်တော်ဆိုင်ကယ် နဲ့ သယ်ဆောင်သွားတဲ့ ဒေသခံ အရပ်သားတွေကို‌ စစ်တပ်ကသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

တနင်္သာရီမြို့နယ် လယ်တောင်ယာရွာက စက်သုံးဆီဆိုင်မှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီလာရောက်ဝယ်ယူတဲ့ တကူကျေးရွာအုပ်စုနေ အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ လယ်တောင်ယာရွာခံတွေ ကပြောပါတယ်။

မနေ့က မွန်းလွဲပိုင်း ၁ နာရီဝန်းကျင် ခန့်မှာ စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသား ၃ ဦးအနက် ၂ ဦးက ဖမ်းဆီးခံခဲ့ရကာ ကျန်အမျိုးသား တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

လယ်တောင်ယာရွာကို ပြီးခဲ့တဲ့သုံးရက်လောက်ကတည်းက စစ်ကောင်စီတပ်သား အင်အား ၁၀၀ နီးပါး ရောက်ရှိနေတာဖြစ်ပြီး ရွာထဲပိုင်းနဲ့ ရွာအနီးဝန်းကျင်တွေမှာ တပ်စွဲထားတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ သူတို့က ရက်တိုင်းတော့ ဆီလာတိုက်(သယ်)နေကျပဲ။ မနေ့က လာတိုက်တော့မှ ထအဖမ်းခံရတာ။ သေနတ်နဲ့ပါပစ်ဖမ်းတာ” လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ထွက်ပြေးတဲ့ အမျိုးသားကို စစ်ကောင်စီတပ်သားတွေက သေနတ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပေမဲ့ လွတ်မြောက်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရာမှာ အနီးဝန်းကျင်မှာရှိနေတဲ့ လယ်တောင်ယာရွာခံ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ တိုက်ပွဲဖြစ်တဲ့အတိုင်းပဲ။ သူတို့ဘက်က ရမ်းပစ်တာ အချက်ရေတော်တော်များတယ်။ လိုက်ဖမ်းတဲ့သူကတော့လွတ်သွားတယ် အမျိုးသမီးကြီးတစ်ယောက်ထိတယ်” လို့ လယ်တောင်ယာရွာခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဝမ်းဗိုက်နဲ့ခြေထောက်တွေမှာ သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က တနင်္သာရီမြို့၊ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ အမျိုးသားနှစ်ဦးနဲ့ စက်သုံးဆီလာသယ်တဲ့ ဆိုင်ကယ် ၃ စီးကို မနေ့က ည ၈ နာရီဝန်းကျင်မှာ တနင်္သာရီမြို့ပေါ်ကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ တနင်္သာရီမြို့နယ်ထဲက တကူကျေးရွာအုပ်စုဘက်ကို ဆန်နဲ့ စက်သုံးဆီ သယ်ယူပို့ဆောင်နေတဲ့ ကျေးရွာချင်းဆက် လမ်းပိုင်းရှစ်နေရာကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ပြီး ဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်တွေ ထပ်မံတင်းကြပ်ကန့်သတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

The Tanintharyi Times