သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်ထားမယ်
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်ထားမယ်
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အရည်ချင်းစစ်ကော်မတီက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် နောက်တစ်နှစ် ဆက်ထားဖို့ တနင်္လာနေ့က သဘောတူ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
မနေ့က ကျင်းပတဲ့ အဲဒီအရည်ချင်းစစ်ကော်မတီရဲ့ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို သူ့ရဲ့ မူလရာထူးအတိုင်း ဆက်ထားဖို့ သဘောတူခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ကန့်ကွက်နေတဲ့ကြားက ခုလို ဆုံးဖြတ်ခဲ့တာပါ။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် အတွင်းမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရတာဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သူ့ကို ဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ယမန်နှစ် ဒီဇင်ဘာလတုန်းကလည်း မြန်မာနိုင်ငံရဲ့ ကုလအမြဲတမ်း ကိုယ်စားလှယ်နေရာအတွက် အရည်ချင်းစစ် ကော်မတီမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့ပြီး နောက်ဆုံးမှာ ဦးကျော်မိုးထွန်းကိုပဲ ဆက်ထားဖို့ သဘောတူခဲ့တာပါ။
ဦးကျော်မိုးထွန်းအနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိသွားမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံကို ကိုယ်စားပြုမှုကိစ္စမှာ အကန့်အသတ်တွေ ရှိနေပြီး အထွေထွေညီလာခံလိုမျိုးမှာ စကားပြောခွင့် တားမြစ်ခံထားရပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မူလရာထူးမှာ တစ်နှစ် ဆက်ထားဖို့ အရေး အရည်ချင်းစစ်ကော်မတီက သဘောတူ ဆုံးဖြတ်လိုက်ပေမယ့်လည်း တရားဝင် ထုတ်ပြန်ကြေညာဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြသွားရဖို့ ရှိနေပါတယ်။
ကိုးကား – VOA
The Tanintharyi Times
