ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဝဇွမ်းတောရွာက နေအိမ်အချို့ကို မီးရှို့၊ ဒေသခံ ၂၀ကျော်ကို လူသားဒိုင်းအဖြစ် ဆက်လက် ဖမ်းဆီးသွား
ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဝဇွမ်းတောရွာက နေအိမ်အချို့ကို မီးရှို့၊ ဒေသခံ ၂၀ကျော်ကို လူသားဒိုင်းအဖြစ် ဆက်လက် ဖမ်းဆီးသွား
ရေဖြူမြို့နယ်၊ ဝဇွမ်းတောရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရွာထဲကနေအိမ်နဲ့တဲအချို့ကို မီးရှိူ့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ သူတို့ဝဇွမ်းတောရွာထဲကိုရောက်နေတဲ့ အခုလ ၁၁ ရက်နေ့နဲ့ မနေ့ကနှစ်ရက်အတွင်းမှာ အိမ်နှစ်ဆောင်နဲ့ တဲတစ်ဆောင်တို့ကို မီးရှို့ခဲ့တာပါ။
မီးရှို့ခံရတဲ့ အိမ်တွေက နှစ်ထပ်အိမ်ကြီးတစ်ဆောင်နဲ့ စျေးဆိုင်ရောင်းနေတဲ့အိမ်တစ်ဆောင်ဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
မနေ့ကည ၈ နာရီလောက်မှာလည်း ဝဇွမ်းတောရွာအနီးက တောထဲမှာစစ်ဘေးရှောင်သူတွေကို ရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်တွေထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ပါဘူး။
ဒီကနေ့နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ ဝဇွမ်းတောရွာနဲ့ ဧကနိရွာတွေကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
သူတို့ထွက်ခွာသွားချိန်မှာ ဖမ်းဆီးထားတဲ့ဒေသခံ အမျိုသား၊ အမျိုးသမီး ၃၀ ကျော်ထဲက ၄ ဦးခန့်ကိုပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံကဆိုပါတယ်။
“အခုညနေပိုင်းဝဇွမ်းတောနဲ့ ဧကနိဖက်မှာတော့မရှိတော့ဘူးဗျ။ ဒေသခံ ၂၀ ကျော်လောက်ကတော့ဆက်ဖမ်းခေါ်သွားတုန်းပဲ” လို့ ဒေသခံအမျိုးသား နောက်ထပ်တစ်ဦးက ပြောပါတယ်။
သူတို့ဟာ ဝဇွမ်းတောရွာအပြင် သူတို့ဝင်လာတဲ့လမ်းတလျှောက်ကရွာတွေမှာ ရွှေ၊ ငွေ၊ တန်ဖိုးကြီးပစ္စည်းတွေ၊ စားသောက်ကုန်တွေနဲ့ ဆန်တွေကိုခိုးယူခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကိုတော့ ချောဆွဲထားတဲ့ဒေသခံကားတစ်စီးနဲ့ သယ်ယူနေတယ်လို့လည်း သိရပါတယ်။
ဒီနေ့ညနေ ၃ နာရီဝန်းကျင်လောက်မှာလည်း ခမောင်းချောင်းကျေးရွာအနီး နှစ်ဖက်ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံကေပြာပြပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလ ရက်နေ့ကစလို့ နဘုလယ်ဒေသနဲ့ အနီးအနားကရွာတွေကို စစ်ကြောင်း ထိုးနေတာကြောင့် နှစ်ဖက်ပစ်ခတ်မှုတွေလည်းဖြစ်ပွားခဲ့ပြီး ကျေးရွာ ၈ ခုလောက်ကဒေသခံတွေ စစ်ဘေးရှောင်နေရပါတယ်။
The Tanintharyi Times
