ဖိထာ ဝန်ကြီးချုပ်ဖြစ်လာဖို့ တားဆီးခံရရင် ထိုင်းနိုင်ငံတစ်ဝှမ်းက ပြည်သူတွေ ဆန္ဒပြမယ်လို့ သတိပေး
ဖိထာ ဝန်ကြီးချုပ်ဖြစ်လာဖို့ တားဆီးခံရရင် ထိုင်းနိုင်ငံတစ်ဝှမ်းက ပြည်သူတွေ ဆန္ဒပြမယ်လို့ သတိပေး
Move Forward ပါတီခေါင်းဆောင် ဖိထာဟာ ထိုင်းနိုင်ငံရဲ့ နောက်လာမယ့်၀န်ကြီးချုပ်ဖြစ်လာဖို့ တားဆီးခံရရင် နိုင်ငံတစ်ဝှမ်းက ပြည်သူတွေ ဆန္ဒပြကြမှာဖြစ်တယ်လို့ ထိုင်းလူ့အခွင့်အရေးရှေ့နေ အာနွန်နမ်ပါ က သတိပေးလိုက်ပါတယ်။
“ဝန်ကြီးချုပ် မဲရလဒ်က ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို သစ္စာဖောက်ရင် တနိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေ လုပ်မယ်။ ဒါဟာ ထိုင်းနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲဖို့ နောက်ဆုံးတိုက်ပွဲဖြစ်ဖို့ မျှော်လင့်တယ်” လို့ သူက ပြောပါတယ်။
ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ အာနွန်ဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်း ဘန်ကောက်မြို့ အနုပညာနဲ့ ယဉ်ကျေးမှုစင်တာရှေ့က Skywalk မှာ စုဝေးနေတဲ့ လူအုပ်ကို အခုလိုပြောဆိုခဲ့တာပါ။
ဖိထာ ကို ထိုင်းရွေးကောက်ပွဲကော်မရှင်က အရည်အချင်းမပြည့်မီတာကြောင့်လို့ဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတင်ဖို့ မနေ့က ဆုံးဖြတ်ခဲ့ပြီးနောက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ Move Forward ပါတီထောက်ခံသူတွေနဲ့ ဒီမိုကရေစီလိုလားသူတွေ စုဝေးခဲ့ကြတာဖြစ်ပါတယ်။
ဖိထာ ကတော့ ကော်မရှင်ဟာ သူ့အပေါ်မှာ မျှမျှတတ ဆက်ဆံတာ မရှိကြောင်း မနေ့ကမီဒီယာတွေကို ပြောဆိုပါတယ်။ ဒါပေမယ့်လည်း သူဟာ ပါလီမန်မှာ အနိုင်ရမယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
လူ့အခွင့်အရေးရှေ့နေ အာနွန်နမ်ပါက ဒီနေ့မနက် လွှတ်တော်မဲခွဲမှုမတိုင်မီ Pita ဝန်ကြီးချုပ်ဖြစ်လာဖို့ တားမြစ်ပိတ်ပင်ရန် ကြိုးပမ်းမှုမှန်သမျှကို ရပ်တန့်ဖို့လည်း Skywalk မှာ စုဝေးနေသူတွေကိုပြောဆိုခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကတော့ ၀န်ကြီးချုပ် ရွေးကောက်ပွဲ မတိုင်မီ ဆန္ဒပြသူတွေ စုဝေးမှု မပြုလုပ်နိုင်ဖို့ ပါလီမန် အဆောက်အအုံအရှေ့ကို မနေ့ညကတည်းက စပြီး
ပိတ်ထားလိုက်ပါတယ်။
ဒါ့အပြင် အခုလ ၁၂ ရက်နေ့ကစလို့ ၁၅ ရက်အထိ ပါလီမန်ရဲ့ မီတာ ၅၀ အကွာအဝေးအတွင်း လူစုလူဝေးမလုပ်ကြဖို့လည်းအမိန့်ထုတ်ထားသလို ရေကားတွေ၊ အတားအဆီးတွေကိုလည်း အဆင်သင့်နေရာချထားတာကိုလည်း ထိုင်းသတင်းတွေကတဆင့်တွေ့ရပါတယ်။
The Tanintharyi Times
