ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခတွေကြောင့် ကလေးလုပ်သားတိုးလာတယ်လို့ ILO ထုတ်ပြန်

ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခတွေကြောင့် ကလေးလုပ်သားတိုးလာတယ်လို့ ILO ထုတ်ပြန်

Photo- Citizen Journalist ရန်ကုန်တိုင်းအတွင်း အလုပ်လုပ်နေတဲ့ ကလေးများ

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု နဲ့ ထိလွယ်ရှလွယ်တဲ့ ပဋိပက္ခတွေကြောင့် ကလေးလုပ်သားဦးရေလည်း တိုးပွားလာနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးလုပ်သား ဦးရေပိုမိုများပြားလဲ့အခြေအနေတွေကို ILO က ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၂ ရက်နေ့ မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လေ့လာစောင့်ကြည့်ချက်တွေအရ မြန်မာပြည်တွင်း ဆိုးရွားလာတဲ့ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် တိုးလာတာဖြစ်တယ်လို့ ILO က ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမှုရေး စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေ က ကလေးလုပ် သားဦးရေတိုးလာတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်သလို အဲဒီအကြောင်းရင်းတွေထဲမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို ရှောင်ကြဉ်လိုတဲ့ နည်းလမ်းအနေနဲ့ မိဘတွေက ကလေးတွေကို အလုပ်လုပ် ကိုင်ဖို့လိုလားတဲ့အချက်လည်းပါဝင်လာတယ်လို့ ILO က ထောက်ပြခဲ့ပါတယ်။

“နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုရင် လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်ဆိုတာ အားလုံးကလက်ခံထားပါတယ်။ စာမေးပွဲမဖြေ ကျောင်းမတက်နိုင်တဲ့ ကလေးတွေဟာ လွတ်မြောက်နယ်မြေ နဲ့ တိုင်းရင်းသားနယ်မြေတွေ ရောက်သွားကြတယ်။ အဲဒီ ရောက်သွားတဲ့ ကျောင်းသား၊ ကျောင်းသူက တစ်သိန်း ၂ သိန်းလောက် ရှိတယ်။ ကျန်တဲ့ ကလေးအများစုက မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရင်း နီးစပ်ရာ နိုင်ငံတွေထွက်ပြီး ရရာအလုပ်လုပ်ကြရတယ်” လို့ ပညာ ရေးအသိုင်းအဝိုင်းကဆရာတစ်ဦးမှ Connect Burma ကိုဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် ပြည်တွင်းမှာ ကလေးလုပ် သားတိုးပွားလာခြင်းကို ရန်ကုန်တိုင်း ၊ဧရာဝတီတိုင်း ၊ ရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ ရပ်ရွာအခြေပြု ကလေးလုပ်သား စောင့်ကြည့်တာတွေဆောင်ရွက်ခဲ့ပြီး အရေအတွက်ဘယ်လောက်ဆိုတာကိုတော့ ILO က ဖော်ပြထားတာကို မတွေ့ရပါဘူး။

အဆင်းရဲဆုံး မိသားစုတွေမှာ ရှိတဲ့ ကလေးတွေ အပေါ် သက်ရောက်မှု အဆိုးဝါးဆုံး ဖြစ်တဲ့အကြောင်းကို လည်း ILO က ထောက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ILO ရဲ့ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက အသက် ၅ နှစ်နဲ့ ၁၇ နှစ်ကြား ကလေးတစ်သန်းကျော်ဟာ လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေတဲ့ အလုပ်တွေကို လုပ်နေရတယ်လို့ ဖော်ပြခဲ့ပါတယ်။

Connect Burma

The Tanintharyi Times