ထားဝယ်-ထီးခီးလမ်းတစ်လျှောက် စစ်ကောင်စီယာဥ်တန်းသုံးကြိမ်တိုက်ခိုက်ခံရ၊ နှစ်ဆယ်ဝန်းကျင်သေဆုံးနိုင်
ထားဝယ်-ထီးခီးလမ်းတစ်လျှောက် စစ်ကောင်စီယာဥ်တန်းသုံးကြိမ်တိုက်ခိုက်ခံရ၊ နှစ်ဆယ်ဝန်းကျင်သေဆုံးနိုင်
ထားဝယ်-ထီးခီးလမ်းအတိုင်း ကျောက်မဲတောင်ရွာကနေ ထားဝယ်မြို့ဘက်ကို ချီတက်ခဲ့တဲ့စစ်ကောင်စီယာဥ်တန်းဟာ မနေ့က လမ်းတစ်လျှောက်သုံးကြိမ်တိုက်ခိုက်ခံရပြီး နှစ်ဆယ်နီးပါးသေဆုံးနိုင်တယ်လို့ PDF တွေနဲ့ဒေသခံတွေကပြောပါတယ်။
ဇွန်လ ၁၂ ရက် နံနက်ပိုင်းက ကျောက်မဲတောင်ရဲစခန်းကနေထွက်ခွာလာတဲ့ အင်အားတစ်ရာကျော်ပါ စစ်ကောင်စီယာဥ်တန်းဟာ ဝကုန်းကျေးရွာအနီးတစ်ကြိမ်၊ သင်္ကန်းတုန်းကျေးရွာအနီးတစ်ကြိမ်နဲ့ သရက်ငုတ်ကျေးရွာအနီးတစ်ကြိမ် သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခံရတာပါ။
ကား ၁၀ စီးဝန်းကျင်ပါလာတဲ့ စစ်ကောင်စီယာဥ်တန်းမှာ ကားပေါ်မှာ စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်သားတချို့တင်ဆောင်လာပြီး စစ်သားအများစုကတော့ကားတွေအရှေ့မှာ လမ်းလျှောက်ချီတက်ရင်း လမ်းတစ်လျှောက်ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။
ဝကုန်းကျေးရွာအနီးပစ်ခတ်တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ Eastern Defense Force အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
သင်္ကန်းတုန်းရွာအနီးနဲ့ သရက်ငုတ်ရွာအနီး တိုက်ခိုက်မှုတွေမှာတော့ စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင်သေဆုံးခဲ့တယ်လို့သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ သုံးကြိမ်တိုက်ခိုက်မှုမှာ တစ်ကြိမ်ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ကြိမ်က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ပုလောမြို့နယ် မီးလောင်ချောင်းအခြေစိုက် အမတ ၂၀၁ ၊ ပလောက်မြို့အခြေစိုက် ခလရ ၂၈၀ နဲ့ လောင်းလုံးအခြေစိုက် ခလရ ၁၀၄ တပ်ရင်းတွေလိုက်ပါလာတဲ့ အဲဒီယာဥ်တန်းဟာ ညပိုင်းမှာ ထားဝယ်မြို့၊ သဗြေချောင်းရွာက ခလရ ၂၅ တပ်ရင်းထဲကိုဝင်ရောက်သွားကြတယ်လို့သိရပါတယ်။
အရင်ကလည်း ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီယာဥ်တန်းတွေအကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရဖူးပါတယ်။
The Taninthayi Times
