ထားဝယ်ခရိုင် ကမ်းရိုးတန်းမှာ ရိုဟင်ဂျာ ၄၀ ဝန်းကျင်ပါ စက်လှေတစ်စီးဆိုက်ကပ်

ထားဝယ်ခရိုင် ကမ်းရိုးတန်းမှာ ရိုဟင်ဂျာ ၄၀ ဝန်းကျင်ပါ စက်လှေတစ်စီးဆိုက်ကပ်

ပုံစာ - အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ကမ်းခြေတစ်ခုကို စက်လှေနဲ့ ဆိုက်ကပ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ။ (Photo - AFP)

◼ ဗထူးတပ်မတော်က ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆို

ထားဝယ်ခရိုင်၊ ရေဖြူနဲ့ လောင်းလုံးမြို့နယ်အစပ်က ကမ်းခြေတစ်ခုကို ရိုဟင်ဂျာ ၄၀ ဦးဝန်းကျင်ပါတဲ့ စက်လှေတစ်စီး ဆိုက်ကပ်ရောက်ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီစက်လှေဟာ အခုလ ၉ ရက်နေ့ ညဘက်မှာ ကမ်းစပ်ကိုရောက်ရှိလာတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“လှေတစ်စီးနဲ့ဝင်လာတယ်။ ပြီးမှရိုဟင်ဂျာတွေပါလာတယ်ဆိုတာ ထပ်သိရတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကမ်းစပ်ကိုရောက်လာပြီးနောက် သူတို့အားလုံးကို ထားဝယ်ခရိုင်အခြေစိုက် ဗထူးတပ်မတော်က ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဗထူးတပ်မတော်ရဲ့ တပ်ရင်းမှူး ရဲဘော်မမကြီးကလည်း ရိုဟင်ဂျာတွေရောက်ရှိနေတယ်ဆိုတာမှန်ကန်ကြောင်း တနင်္သာရီတိုင်းမ်ကို အတည်ပြုပါတယ်။

“လက်ရှိ ကျနော်တို့တပ်မတော်က ထိန်းသိမ်းပြီး ကာကွယ်စောင့်ရှောက်ထားပါတယ်” လို့ ဗထူးတပ်မတော်က တပ်ရင်းမှူး ရဲဘော်မမကြီးက ပြောပါတယ်။

စက်လှေနဲ့ရောက်လာတဲ့ ရိုဟင်ဂျာလူမျိုးတွေကို အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံဘက်ခြမ်းကို လှေနဲ့မျှောလိုက်တာဖြစ်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

အိန္ဒိယအ‌ခြေစိုက် Maktoob သတင်းဌာနကတော့ နယူးဒေလီက အာဏာပိုင်တွေဟာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်အပါအဝင် ရိုဟစ်ဂျာ ၄၃ ဦးကို အိန္ဒိယစစ်တပ်က အခုလ ၈ ရက်နေ့မှာ နိုင်ငံတကာရေပိုင်နက်ကနေ လှေနဲ့မျှောလိုက်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

သို့ပေမဲ့ ထားဝယ်ခရိုင်အတွင်းကိုရောက်နေတဲ့သူတွေဟာ အိန္ဒိယကလာတဲ့ သူတွေဟုတ်မဟုတ်ကိုတော့ မသိရသေးပါဘူး။

ရိုဟင်ဂျာတွေစီးလာတဲ့ စက်လှေဆိုက်ကပ်ခဲ့တဲ့ နေရာဟာ စစ်ကောင်စီက ရုရှားနိုင်ငံနဲ့ ပူးပေါင်းအကောင်အထည်ဖော်မယ့် ထားဝယ်အထူးစီးပွား‌ရေးဇုန်နဲ့ မလှမ်းမကမ်းအကွာအဝေးမှာ သာရှိပါတယ်။

ရေဖြူဒေသခံတစ်ဦးကတော့ “ပင်လယ်မှာ စစ်တပ်သင်္ဘောတွေ အမြဲတမ်းရှိတယ်။ အခုကာလဆိုပိုဆိုးပါတယ်။ ဒါကိုကျော်ပြီး ကမ်းစပ်အထိရောက်လာတာကလည်း ထူးဆန်းနေတယ်” လို့ ပြောပါတယ်။

အခုနှစ် ဖေဖေ်ဝါရီလ ပထမပတ်ကလည်း ထိုင်းနိုင်ငံကိုသွားမယ့် ရိုဟင်ဂျာ ၁၀၂ ဦးကို ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမတ်ရွာအနီးက ဆီအုန်းခြံတစ်ခုထဲမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ တရားစွဲဆိုလိုက်ပြီး နှစ်ပတ်အကြာမှာတော့ ကလေးငယ်တွေအပါအဝင် ၁၀၂ ဦးစလုံးကို ထောင်ဒဏ် နှစ်နှစ်စီချမှတ်ပြီး ကော့သောင်းအကျဥ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။

The Tanintharyi Times