ကော့သောင်းမြို့ပေါ်ရပ်ကွက်တွေ သောက်သုံးရေရှားပါးမှုပြဿနာပိုမိုကြုံတွေ့လာရ
ကော့သောင်းမြို့ပေါ်ရပ်ကွက်တွေ သောက်သုံးရေရှားပါးမှုပြဿနာပိုမိုကြုံတွေ့လာရ

ကော့သောင်းမြို့ရဲ့မြို့ပေါ်ရပ်ကွက်တွေမှာ သောက်သုံးရေရှားပါးမှုပြသနာဟာပိုမိုကြုံတွေ့လာတယ်လို့ မြို့ခံနေထိုင်သူတွေကပြောပါတယ်။
ကိုယ်ပိုင်ရေတွင်းတွေမှာရေခမ်းခါနီးဖြစ်ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစလို့ ရေမီတာတွေမှာပုံမှန်ရေမလာတာတွေ စတဲ့အခြေအနေတွေကိုကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။
ပုဂ္ဂလိကရေပေးဝေရေးလုပ်ငန်းတွေရဲ့ ရေမီတာတွေဟာအရင်ကတစ်ရက်တစ်ကြိမ်ပေးဝေနိုင်ခဲ့ပေမဲ့ အခုခါမှာတော့ နှစ်ရက်မှတစ်ကြိမ်သာပေးဝေနိုင်တော့တယ်လို့မြို့ခံတွေကပြောပါတယ်။
ဒါ့ကြောင့်ပီပါနဲ့ချိန်တွယ်ပြီးရောင်းတဲ့ရေကားတွေဆီကနေ ရေဝယ်ယူသုံးစွဲရတဲ့အခါမှာလည်း ရေဖိုးအတွက်ကုန်ကျစရိတ်တိုးလာတာတွေ၊ ရေကားသမားတွေကရေမရောင်းပေးချင်တဲ့ပြဿနာတွေကြုံတွေ့နေရတယ်လို့လည်းအိမ်ရှင်မတွေကရင်ဖွင့်ပါတယ်။
“ရေဝယ်မယ်ဆို ၁ပီပါ၂ပီပါ ဝယ်ရင်မရောင်းပေးချင်ကြဘူး။ များများဝယ်မှရောင်းပေးချင်တာ။ ရေကားတွေက သူတို့ဖောက်သယ်တွေကိုပဲဦးစားပေးတယ်”လို့ကော့သောင်းမြို့ကအိမ်ရှင်မတစ်ဦးကပြောပါတယ်။
ရေကားတွေမှာရေတစ်ပီပါကို ၁၀၀၀ ကျပ်ကနေ ၁၃၀၀ကျပ်အထိပေးဝယ်နေရတဲ့အတွက်အိမ်အသုံးစရိတ်ပိုမိုကုန်ကျလာရတယ်လို့လည်းသိရပါတယ်။
“ရေကားအငယ်ကတစ်စီးလုံး၂သောင်းကျော်ပေးရတယ်။ ရေတစ်ကားဆို ၄၊ ၅ရက်ပဲရတာ။ တစ်လတစ်လကိုရေဖိုးက ၁ သိန်းနီးပါးအပိုကုန်နေတာ”လို့ရွှေင်္ဟသာရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
တချို့ကတော့ ရေဝယ်လို့မရတဲ့အခါ ရပ်ကွက်အတွင်းကအများသုံးရေတွင်းတွေမှာ ခပ်ယူသုံးစွဲနေကြပြီး အဲဒီရေတွင်းတွေမှာပါရေခမ်းသွားတဲ့အခါ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြိုတင်စဥ်းစားထားတာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။
လက်ရှိအချိန်ကော့သောင်းမြို့ရဲ့ရေပေးဝေရေးကိုတစ်နိုင်တစ်ပိုင်အလတ်စားပုဂ္ဂလိကလုပ်ငန်းပိုင်ရှင်တချို့နဲ့ ရပ်ကွက်အလိုက်အသေးစားရေပေးဝေရေးတွေက တစ်ယူနစ်၂၀၀၀ ကျပ်နှုန်းနဲ့ပေးဝေနေတာဖြစ်ပါတယ်။
ကော့သောင်းတစ်မြို့လုံးကိုရေပေးဝေဖို့၂၀၁၉ခုနှစ်ကတည်းကဆောင်ရွက်နေတဲ့ Good Water ရေပေးဝေရေးလုပ်ငန်းကလည်း လုပ်ငန်းပြီးစီးဖို့ကြိုးစားနေရဆဲဖြစ်တယ်လို့သိရပါတယ်။
The Tanintharyi Times