ရွာမှာ လူကုန်ခါနီးပြီဗျ
ရွာမှာ လူကုန်ခါနီးပြီဗျ
ရွာမှာ လူတွေမရှိတော့ဘူး။ သွားလိုက်ကြတဲ့ ထိုင်းနိုင်ငံ၊ မလေးနိုင်ငံ။ မူကြို ကျောင်းသား က အစလို့ တက္ကသိုလ် ကျောင်းသားမကျန်၊ ကိုယ်ပိုင် အလုပ်လုပ်နေသူတွေပါမက သွားလိုက် ကြတာဗျ။
အခု သာပျော်တို့ ရွာမှာ ဆိုရင် ရွာဘာစေးခြစ်နေတဲ့ သူတွေ၊ ကုန်စုံဆိုင်ရောင်းနေတဲ့သူတွေ၊ CDM ၊ Non CDM မကျန် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရွာစာရေးမ၊ အလုပ်မရှိသူရော အလုပ်ရှိနေတဲ့ သူတွေပါ ထိုင်း၊ မလေး ရောက်ကုန်ကြပြီ။
ရွာမှာဆိုရင် တစ်ယောက်နဲ့ တစ်ယောက်လမ်းမှာတွေ့လို့ နှုတ်ဆက်စကားပြောကြရင်ကို “ ထိုင်းကို မသွားသေးဘူးလား၊ ဘယ်ချိန် သွားမှာလဲ” ဆိုတာ ပဲ ပြောဆိုကြတဲ့ ကာလတစ်ခုကို ရောက်လာတယ်။
ထိုင်းကိုသွားတာကတော့ သာပျော်တို့ ရွာထဲမှာတော့ ကူးစက် ရောဂါတစ်ခုလိုပါပဲ။ ကိုဗစ်ရောဂါကာလမှာတုန်းကတော့ ရွာထဲမှာ ဆယ်ယောက်လောက်သာ ကူးစက်ခံရပေမဲ့၊ အခု ထိုင်းကို သွားချင်တဲ့စိတ်တွေကတော့ ရွာထဲမှာရှိတဲ့ သူငယ်ချင်းတွေဆီ၊ မိသားစုတွေ ဆီ ကူးစက်ကုန်ကြပြီ။
သာပျော်တို့ ရွာမှာဆိုရင် အိမ်ထောင်စု ၉၀ ရာနှုန်းကျော်လောက် သွားကုန်ပြီ။ ထိုင်းကို မသွားတဲ့ အိမ်ဆိုပြီးလိုက်ပြရဖို့ကို ရှားသွားပါပြီ။ မိသားစုတစ်ခုမှာ ၅ ယောက်ရှိရင် ၂ ယောက်က ထွက်သွားကြပြီလေ။ ဒီလိုသွားဖို့ သွားချင်စိတ်တွေ ဖြစ်လာဖို့ကလည်း အကြောင်းအရင်းတွေက အများကြီးရှိနေခဲ့တာကိုး။
သိရသလောက်ကတော့ ဒီမှာနေတာက မလုံခြုံတာ။ အနာဂတ်မရှိတော့ သလို ခံစားလာရတာ။အခြေခံပညာကျောင်းသားတွေအတွက် ကျောင်းတက်ဖို့ မဖြစ်နိုင်တာ၊ တက္ကသိုလ်ကျောင်းသားတွေ တက္ကသိုလ် တက်ဖို့ မဖြစ်နိုင်တာတွေရယ်။ ထိုင်းဘတ်စျေးကောင်းတာရယ်၊ ရွာမှာ ဝင်ငွေမရှိဘဲ နေတာထက် ရတဲ့အလုပ်လုပ်မယ် ဆိုပြီးထွက်သွားကြတာ။ အားလုံးကကိုယ့်အကြောင်းနဲ့ကို။
အခု သာပျော် ဆိုရင် ရွာမှာနေရင်ကို အထီးကျန်လာတယ်။ သူများတွေလို ထိုင်းမသွားနိုင်လို့ မျက်နှာငယ်နေရတယ်ဗျ။ တစ်ချိန်က အတူလမ်းသလား၊ ကျောင်းအတူတတ်နေကြပေမယ့် အခုတော့ သူက အလုပ်ရပြီး ငါတော့ အလုပ်မရှိ ဝင်ငွေ မရှိ နေလို့ မရတော့ဘူးဆိုပြီး စိုးရိမ်းစိတ်တွေနဲ့ ထလိုက်သွားကြသူတွေကလည်း ဒုနဲ့ဒေးပါပဲ။ တစ်ချို့ CDM တွေလည်း ထိုင်းနိုင်ငံကို ထွက်ကြပြီ။ မလုံခြုံမှုတွေ၊ ဝင်ငွေ၊ စားနပ်ရိက္ခာ ပြဿနာတွေကြောင့်ထွက်သွားကြတာပဲ။
Non CDM တွေကလည်း ထွက်သွားကြ၊ Social Punishment လုပ်ခံထားရလို့ အရင်ကတည်းက လူရှေ့ မထွက်ရဲတဲ့ ဘ၀ကနေပြီး၊ အခုတော့ မလုံခြုံမှုကိုပါ ခံစားလာရတယ်ဆိုပြီး ထွက်သွားကြတာပဲ။ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကလည်း ဟိုသင်တန်းတက်ခိုင်း၊ ဒီသင်တန်းတတ်ဖို့ခေါ်နဲ့ လူကြားထဲ ထွက်မရဲဖြစ်နေတော့။ ထိုင်း၊မလေး က ထွက်ပေါက်ဖြစ်ပြီး ထွက်သွားကြပြန်ရော။
ရွာမှာ ကျန်တာကတော့ ကျောင်းထိုင်ဆရာတော်ရယ်၊ အသက် ၆၀ ကျော် လူကြီးတွေရယ်၊ နောက်ပြီး သွားဖို့ တာစူနေတဲ့ လူငယ်တချို့ရယ်ပဲ ရှိပါတော့တယ်။ အခုတော့ ရွာမှာ စားနေကြ မုန့်လက်သုပ်ဆိုင်လေးလည်း ပိတ်လိုက်ပါပြီ၊ ဆံသ ဆိုင်လည်း ပိတ်လို့၊ အရက်ဆိုင်လည်း အရင်လို လူ မစည်တော့ပါဘူး။ သာပျော် အတွက်ဆိုရင်တော့ ရွာထဲမှာ သူငယ်ချင်းအပေါင်းအသင်းတွေမရှိ တိတ်ဆိတ်ခြောက်ကပ်ပြီး ပျင်းဖို့ကောင်းလာတယ်။
ရွာဦးရွာနောက် သေနတ်ဖောက်သံတွေအကြား ဟိုလူသေ ဒီလူသတ်ခံရတယ် ဆိုတဲ့ သတင်းတွေနဲ့ စိတ်ညစ်စရာတွေပဲကြားနေရတော့ ထိုင်းကို လိုက်သွားချင်မိတယ်။ လမ်းမှာ အဖမ်းအဆီးတွေများတယ်ဆိုပေမဲ့လည်း ထိုင်းကိုထွက်သွားနေကြတာကတော့ နေ့စဉ်လိုလိုပါပဲ။
တချို့တွေကတော့ ထိုင်းကို ရောက်သွားလို့ အလုပ်ရသွားကြသလို၊ အလုပ်ရဖို့အတွက် စောင့်နေရကြသူတွေ ရှိသလို၊ တချို့က လမ်းမှာအဖမ်းခံရ၊ မြန်မာနိုင်ငံ ပြန်ပို့ခံရသူတွေလည်း ရှိနေတယ်။ တချို့ကတော့ လမ်းတစ်ဝက်က လှည့်ပြန်လာပြီး နောက်ထပ် တစ်ခေါက်ထပ်သွားကြသူတွေလည်း ရှိကြတာပဲ။
ရွာက လူကြီးတွေကြား ပြောနေကြတဲ့ စကားတစ်ခုရှိတယ်။ “ဒီလူတွေ ထိုင်းကိုသွားနေကြတာက ဘုရားပွဲကို သွားနေကြသလို ဖြစ်နေတာပဲ” တဲ့။ ဘာပဲပြောပြော အခုချိန်မှာတော့ ထိုင်းနိုင်ငံကတော့ သာပျော်တို့လူငယ်တွေအတွက်ကတော့ လကွယ်ညမှာ မြင်လိုက်ရတဲ့ ဓူဝံကြယ်တစ်လုံး လိုပါပဲ။
ထိုင်းကို လူတွေ ဒီလောက်အထိထွက်သွားနေကြပေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရနေကြတာကတော့ အံဩစရာပါပဲ။ သာပျော်တို့ မြန်မာမှာဆိုရင် အလုပ်မရှိလို့ ဒုက္ခရောက်နေကြတဲ့သူတွေ ဒုနဲ့ဒေးပါပဲ။
သာပျော် တစ်ခါတစ်လေ တွေးမိပါတယ်။
မြန်မာနိုင်ငံမှာက နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာတွေ၊ အနုပညာရှင်တွေ၊ ကျောင်းသားတွေ၊ CDM တွေနဲ့ဆိုတော့ မြန်မာနိုင်ငံက ဒီမိုကရေစီလိုလားသူ အများစုက ထိုင်းကိုရောက်နေကြပြီဆိုတော့ မင်းအောင်လှိုင်မှာ ဒီမိုကရေစီတောင်းတာထက် ထိုင်းဝန်ကြီးချုပ် ချာအိုချာ ဆီမှာ ဒီမိုကရေစီတောင်းပြီး နယ်မြေသစ်ထောင်လိုက်ရင် ကောင်းလိုက်မယ်ထင်တာပဲ။ မြန်မာနိုင်ငံမှာတော့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်သိုက် နေခဲ့ပေါ့။ တွေးမိတွေးရာပါပဲ။
လက်ရှိမှာတော့ နိုင်ငံရေးအရ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေနဲ့ CDM တချို့ ပြည်ပရောက်သွားကြသလို Non CDM နဲ့ တော်လှန်ရေး မလုပ်သူတွေ ပါ နိုင်ငံရေးအကြောင်းပြ ရောက်နေကြပြီ။ စီးပွားရေး အရဆိုရင်လည်း မြန်မာနိုင်ငံမှာ မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း ဘာဆိုဘာမှစီးပွားရေးမှာ ဆက်လုပ်ဖို့ အဆင်မပြေတော့ ရတဲ့အလုပ် လုပ်မယ်ဆိုပြီး ထိုင်း၊ မလေး သွားဖို့က အဖြေ ဖြစ်လာခဲ့တယ်။
ရွာမှာ စာသင်ကျောင်းတွေ တက်လို့ အဆင်မပြေတော့ ထိုင်းရောက် မိဘတွေက ကလေးတွေကို အပါ ထိုင်းကိုခေါ်ပြီး ကျောင်းထားနေကြပြီ။ ဒီကလေးတွေက အရင်ကဆိုရင် ရွာထဲမှာ ရှမ်းရှော်(ထိုင်းရောက်မိဘတွေက ဇာတိမှာချန်ထားခဲ့တဲ့ကလေး) လို့ခေါ်ခံနေရတဲ့ သူတွေပေါ့။
မိဘက ထိုင်းကိုသွား မြန်မာနိုင်ငံမှာ ကျောင်းနေဖို့အတွက် သားသမီးတွေကို ဖိုးဖွားတွေ၊ ဆွေမျိုးတွေဆီမှာ အပ်ထားခဲ့ရတာ။ အခုတော့ သူတို့ကိုပါ ထိုင်းကို လှမ်းခေါ်နေကြတာ။ သွားနေကြတာ ဖြစ်နေပြီ။
ထိုင်းကျောင်းထားမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပေါ့။
အဲဒီတော့ အခုက ကျောင်းသားလူငယ်၊ ဝန်ထမ်းတွေ ပါမကျန်သွားတာ။ အရင်ကတော့ စီးပွားရေးအရ အလုပ်ကိုင်အခွင့်အလမ်းအတွက် ရွာဖက်က မိသားစုလိုက်သွားကြတယ်လို့မြင်ပါတယ်။၂၀၁၀ ရွေးကောက်ပိုင်းနောက်ပိုင်း တစ်စတစ်စ ပြန်လာကြပါတယ်။ အဲချိန်ပြန်လာကြတုန်းကတော့ စီးပွားရေးအရ အဆင်ပြေပြီးပြန်လာကြပေမယ့်၊ ထိုင်းဟာ အရာရာအတွက် အကောင်းဆုံးလို့မြင်လာတဲ့ အတွေးခေါ်တွေ အတူပါလာခဲ့တယ်လို့ မြင်ရပါတယ်။
ထိုင်းအစားစာ၊ ထိုင်း ထုတ်ကုန်၊ ထိုင်း ရုပ်ရှင်၊ ထိုင်း သီချင်း၊ ထိုင်း ဘာညာလို့ ပြောလိုက်ရင် အကုန်လုံးက အကောင်းဆုံးသော အရာတွေဖြစ် မြင်လာကြတယ်။ဒါဟာလည်း လက်မခံလို့ မရတဲ့ အကြောင်းအရာတစ်ခုပဲ။ အခုချိန်မှာ မူကြိုအရွယ် ကလေးက အစ ပြန်သွားနေကြပြန်ပြီး ၁၀ စုနှစ်ကြာပြီးနောက် သာပျော်တို့ နောက် မျိုးဆက်ကို ပြန်တွေးကြည်တော့ ရင်လေး စရာတွေတော့ အပြည့်ပါပဲ။
မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ လုံး၀ အဖတ်ဆယ်လို့မရဘဲ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတွေအတွက် ကောင်းလာစရာတစ်ခုမှာကို မမြင်ခဲ့ရပါဘူး။ နစ်သထက်နစ်သွားဖို့ပဲ ရှိတယ်လိုပဲ မြင်လာပါတယ်။ ထိုင်းနိုင်ငံကိုထွက်သွားကြတဲ့ သာပျော်ရဲ့ သူငယ်ချင်းတွေအတွက်ကတော့ ထိုင်းနိုင်ငံဟာ ကယ်တင်ရှင်နိုင်ငံတော်၊ အရှင်သခင် နိုင်ငံတော် တစ်နိုင်ငံပါပဲ။
ဘာပဲပြောပြော နောက်ဆုံးတော့ သာပျော်လည်း ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့အတွက် တစ်နေ့ ထွက်ရမှာပါပဲ။ အဲဒီအချိန်ကြရင်လည်း သာပျော်တို့ရွာမှာ လူကုန်လောက်ပြီ ထင်ပါတယ်။ အရာရာဟာ မင်းအောင်လှိုင်ရဲ့ ဖင်မနိုင်ဘဲ ပဲဟင်းစားရက စခဲ့ကြတယ်ဆိုတာ လူတိုင်းအသိပါပဲ။
တော်လှန်ရေး အောင်မှ တောထဲရောက်နေတဲ့ သူငယ်ချင်းတွေ၊ နိုင်ငံရပ်ခြားထွက်သွားရတဲ့ မိတ်ဆွေတွေ အိမ်ပြန်ခရီး အမြန်ကောင်ထည်ဖော်နိုင်မှာပါ။ ဒါကြောင့် ထိုင်းပဲဖြစ်ဖြစ်၊ မလေးရှားပဲဖြစ်ဖြစ်ဘယ်နေရာကိုပဲရောက်နေပါစေ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသဟာ ဘီလူးစီးခံထားရတယ်ဆိုတာကိုမေ့မသွားဖို့လိုပါတယ်။
အခြေအနေအမျိုးမျိုးကြောင့်၊ အကြောင်းအမျိုးမျိုးကြောင့်ပြည်ပကိုထွက်ခွာသွားရတာဟာ ကိုယ်လွတ်ရုန်းတာမျိုးမဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် တော်လှန်ရေးအတွက် တတ်နိုင်သလောက် ကူညီလှူဒါန်းကြပါ။ မလှူနိုင်ရင် အားတဲ့အချိန်တွေမှာ Click တွေလုပ်ပေးနေကြပါလို့တိုက်တွန်းချင်ပါတယ်။
တချိန်ချိန်မှာ အိမ်ပြန်ခရီး အိမ်မက်တွေ အကောင်ထည်ဖော်နိုင်ကြပါစေဗျာ။
သာပျော်
ပုံစာ – ထိုင်းနိုင်ငံနယ်စပ်မှာ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ။
