ပုလောမှာ စစ်ကောင်စီယာဥ်တန်းနှစ်ခု နှစ်ကြိမ်မိုင်းဆွဲခံရ၊ စစ်ကောင်စီတပ်သား ၄၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

ပုလောမှာ စစ်ကောင်စီယာဥ်တန်းနှစ်ခု နှစ်ကြိမ်မိုင်းဆွဲခံရ၊ စစ်ကောင်စီတပ်သား ၄၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ဒီနေ့မနက်စောစောက စစ်ကောင်စီယာဥ်တန်းနှစ်ခု နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၄၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလောPDF က ထုတ်ပြန်ပါတယ်။

ဒီနေ့ နံနက် စောစော ၁၂ နာရီခွဲက မင်းထိန်ရွာနဲ့ ပဝတ်ကုန်းရွာအကြား မှာ မြိတ်ဘက်ကနေလာတဲ့ စစ်ကား ၁၁ စီးပါယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တောကြီးမြွေဟောက်အဖွဲ့ရဲ့ မိုင်းတာဝန်ခံ ကိုတံခွန်ကပြောပါတယ်။

” ၁၂ နာရီခွဲတိတိမှာ ဆွဲလိုက်တာ။ သူတို့ဘက်ကအထိအခိုက်များတယ်။ ကား ၆ စီးလောက်ထိတယ်။ သူတို့ဘက်ကလက်နက်အင်အားများတော့ကျနော်တို့ကပြန်မပစ်ဘူး။ ပြန်ဆုတ်လာလိုက်တယ်” လို့ ကိုတံခွန်က တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သေနတ်တွေနဲ့အဆက်မပြတ်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီအပြင် နံနက် ၄ နာရီခွဲမှာ ထားဝယ်ဘက်ကနေဆင်းလာတဲ့ စစ်ကား ၁၆ စီးပါယာဥ်တန်း ထပ်မံမိုင်းဆွဲခံခဲ့ရတယ်လို့ ပုလောPDF ကထုတ်ပြန်ထားပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုတွေကို ပုလောမဟာမိတ်တပ်ပေါင်းစုက လုပ်ဆောင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ထုတ်ပြန်ထားပြီး သေဆုံးသူအရေအတွက်ကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီယာဥ်တန်းတွေဟာ ပုလောမြို့နယ်ထဲမှာ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပါတယ်။