တိုက်ပွဲတွေ နီးလာလို့ ပုလောမြို့နယ်ထဲက စစ်ဘေးရှောင်တစ်ထောင်ကျော်ရှိတဲ့ စစ်ရှောင်စခန်းတစ်ခု နေရာထပ်ပြောင်းရွေ့ရ

တိုက်ပွဲတွေ နီးလာလို့ ပုလောမြို့နယ်ထဲက စစ်ဘေးရှောင်တစ်ထောင်ကျော်ရှိတဲ့ စစ်ရှောင်စခန်းတစ်ခု နေရာထပ်ပြောင်းရွေ့ရ

ဓာတ်ပုံ - ပုလောကစစ်ဘေးရှောင်ပြည်သူတွေ။ (ပုံဟောင်း)

စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ထဲက စစ်ဘေးရှောင်တစ်ထောင်ကျော်ရှိတဲ့ စခန်းတစ်ခုဟာ တိုက်ပွဲတွေ နီးကပ်လာလို့ နေရာထပ်ပြောင်းရွေ့ နေရတယ်လို့ ပုလောစစ်ဘေးရှောင်စခန်းစီမံခန့်ခွဲရေး ကော်မတီဝင်တွေက ပြောပါတယ်။

ထပ်ပြောင်းရွေ့ရတဲ့ စစ်ဘေးရှောင်တစ်ထောင်ကျော်ဟာ သင်္ကန်းတောရွာ၊ ကဒဲရွာ၊ တိုကျေးရွာ၊ တပိုရွာက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဖြစ်ပါတယ်။ အဲဒီထဲက ၅၀၀ ခန့်ကတော့ စစ်ရှောင်စခန်းမှာ အမြဲတမ်းနေရတဲ့ စစ်ရှောင်အရေအတွက်ဖြစ်ပြီး ကျန်တဲ့ စစ်ရှောင်တွေကတော့ တိုက်ပွဲဖြစ်ချိန်တွေမှာသာ ခေတ္တလာရောက်ရှောင်တိမ်းတဲ့ ယာယီစစ်ရှောင်တွေဖြစ်ပါတယ်။

“အမြဲတမ်းစစ်ရှောင်စခန်းက တစ်ခုတည်းရှိတာ‌တော့မဟုတ်ဘူး။ မတူတဲ့ဒေသက စစ်ရှောင်တွေ ရှောင်ရလွယ်ကူအောင်လို့ စခန်းကိုတစ်နေရာတည်းမသတ်မှတ်ထားဘူး။ အခုရှောင်ရတာက အမြဲစစ်ရှောင်စခန်းတွေထဲက တစ်ခု။” လို့ ပုလောစစ်ဘေးရှောင်စခန်းစီမံခန့်ခွဲရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ထပ်ပြီးရှောင်ပြေးခဲ့ရတဲ့စစ်ရှောင် တစ်ထောင်ကျော်ဟာ စားနပ်ရိက္ခာတွေအပါအဝင် ဘယ်ပစ္စည်းကိုမှ သယ်ယူချိန်မရဘဲ နီးစပ်ရာထွက်ပြေးခဲ့ရတယ်လို့ ၎င်းကဆက်ပြောပါတယ်။

အခုလိုစစ်ဘေးထပ်ရှောင်နေရတာဟာ စခန်းတည်နေရာအနီး ပြည်သူ့ကာကွယ်‌ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ရုတ်တရက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ရေးအခြေအနေတင်းမာနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ကော်မတီဝင် နောက်တစ်ဦးက “တိုက်ပွဲကပြင်းတယ်။ နှစ်ဖက်ကျဆုံးလည်းရှိနေတယ်။ စစ်ရှောင်စခန်းတစ်ဝိုက်ကိုလည်း စစ်ကောင်စီတပ်တွေရောက်နေတယ်။ ကြားထဲစစ်ရှောင်တွေကတော့ နေစရာပျောက်နေတာပေါ့။ အခုလည်းနေရာအတည်တကျမရှိဘူး။ လွတ်မယ်ထင်တဲ့ နေရာအကုန်ပြေးနေရတာပဲ” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၈ လအကြာမှာ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့သူတွေ ခိုလှုံနေထိုင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပုလောမြို့နယ်ထဲမှာ အမြဲတမ်းစစ်ရှောင်စခန်းတချို့ ဖွင့်လှစ်ထားခဲ့တာပါ။

စစ်ရှောင်စခန်းမှာမနေဘဲ နီးစပ်ရာတောတွေထဲရှောင်နေတဲ့ တိုကျေးရွာက စစ်ဘေးရှောင်တစ်ဦးကတော့ “ဘယ်မှာပဲရှောင်ရှောင် လုံခြုံတယ်မရှိပါဘူး။ အမေတို့ဆီကိုလည်း ပြီးခဲ့တဲ့ ရက်တွေက စစ်သားတွေရောက်လာတယ်။ ဖုန်းနဲ့ ပိုက်ဆံတွေသိမ်းသွားတယ်” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းမှာ ပုလောမြို့နယ်ဟာ တိုက်ပွဲအဖြစ်များဆုံးမြို့နယ်တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အမြဲတမ်းစစ်ရှောင် ၂,၆၃၁ ဦးနဲ့ နီးစပ်ရာတောတောင်တွေထဲစစ်ဘေးရှောင်နေရတဲ့ ယာယီစစ်ရှောင်က ၂၅,၀၀၀ ဦးခန့်ရှိတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်ကူပြုရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times