ထားဝယ်-ထီးခီးလမ်းမတစ်ခုလုံးကို ကော်သူးလေတပ်မတော် က ခရီးသည်တင်ကားသွားလာခွင့်ပိတ်
ထားဝယ်-ထီးခီးလမ်းမတစ်ခုလုံးကို ကော်သူးလေတပ်မတော် က ခရီးသည်တင်ကားသွားလာခွင့်ပိတ်

ထားဝယ်-ထီးခီးလမ်း တစ်လျှောက်လုံးမှာ ခရီးသည်တင်ကားသွားလာခွင့်ကို ပိတ်လိုက်တယ်လို့ ကော်သူးလေတပ်မတော်(KTLA) ဆာကဆောတပ်မက အခုလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
ကော်သူးလေတပ်မတော်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကစလို့ မေတ္တာ-ထီးခီးလမ်းကို ယာဥ်ကြီး၊ ယာဥ်ငယ်အားလုံး သွားလာခွင့်ပိတ်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ပတ်အကြာမှာ ထားဝယ်ကနေ ထီးခီးအထိလမ်းတစ်လျှောက်လုံးမှာ ခရီးသည်တင်ကားတွေ သွားလာခွင့်ကို ထပ်ပိတ်လိုက်တာပါ။
အခုထုတ်ပြန်ချက်မှာ ပိတ်ထားတဲ့အချိန်သွားလာလို့ တစ်စုံတစ်ရာထိခိုက်ပျက်စီးမှုဖြစ်လာရင် ကော်သူးလေတပ်မတော် ဆာကဆောတပ်မ ဆာခီးလာတပ်ရင်းဌာနချုပ်က တာဝန်ယူဖြေရှင်းသွားမှာ မဟုတ်ဘူးလို့လည်း ရေးသားထားပါတယ်။
ထားဝယ်-ထီးခီးလမ်းပေါ်မှာ ကော်သူးလေတပ်မတော်(KTLA) တပ်ဖွဲ့တွေအပြင် KNU တပ်မဟာ ၄ တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အများအပြားလည်း အခြေစိုက်ပြီး လှုပ်ရှားကြတာပါ။
ထားဝယ်ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးကတော့ တခြားအဖွဲ့တွေရဲ့ သဘောဆန္ဒမပါဘဲ လမ်းပိတ်တာဟာ မဖြစ်သင့်သလို ထုတ်ပြန်တဲ့ပုံစံကလည်း စနစ်မကျဘူးလို့ ဆိုပါတယ်။
“စာကို ကရင်စာနဲ့ထုတ်ပြီး ထောက်ပို့တွေက တဆင့်တင်ကြတာတွေ့တယ်။ ပြီးမှ မြန်မာစာနဲ့ထပ်တင်တာတွေ့တယ်။ လူတွေသိဖို့ခက်တာပေါ့။ စာထုတ်ထားတာ မသိရင်လည်း လမ်းမှာဒုက္ခပေးခံရတယ်” လို့ တော်လှန်ရေးရဲဘော်က ပြောပါတယ်။
အခုလ ၃ တော့ ထားဝယ်-ထီးခီးလမ်း လမ်းပိတ်တဲ့ကြေညာချက်ကိုမလိုက်နာလို့ဆိုကာ ထိုင်းနိုင်ငံကိုခရီးသည်ပို့ဆောင်နေတဲ့ ဗီဂိုးကားတစ်စီးကို ဆင်ဖြူတိုင်ကျေးရွာအနီးမှာ ကော်သူးလေတပ်မတော်ဘက်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကားပေါ်မှာပါလာသူတွေက ဆိုပါတယ်။
ကော်သူးလေတပ်မတော်ရဲ့ ဆာကပေါတပ်ရင်း(ကြယ်လင်းရောင်တပ်ရင်း)ဘက်ကတော့ အဲဒီကားကို မီးရှို့တာဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
ထားဝယ်ခရိုင်မှာအခြေစိုက်တဲ့ ကော်သူးလေတပ်မတော်တပ်ဖွဲ့တွေထဲမှာ ဗိုလ်အယ်ခွီး(ကော်လာဖိုး) ဦးဆောင်ကွပ်ကဲတဲ့ ဆာကဆောတပ်မအပြင် ကော်သူးလေတပ်မတော် ရုံးချုပ်ကနေ တိုက်ရိုက်ကွပ်ကဲတဲ့ ဆာကပေါတပ်ရင်းလည်းရှိတယ်လို့ ဆာကပေါတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းက ပြောပါတယ်။
ထားဝယ်အရှေ့တောဒေသမှာဖြစ်နေတဲ့ ကရင်တော်လှန်ရေးတပ်ဖွဲ့နှစ်ခုရဲ့ နှစ်ဖက် တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေဟာလည်း ဗိုလ်အယ်ခွီးဦးဆောင်ကွပ်ကဲတဲ့ ဆာကဆောတပ်ဖွဲ့နဲ့ အဓိကဖြစ်နေတာလို့ တော်လှန်ရေးရဲဘော်တွေရဲ့ပြောပြချက်အရ သိရပါတယ်။
အခုလို ဗိုလ်အယ်ခွီးဦးဆောင်တဲ့တပ်ဖွဲ့က ခရီးသည်တင်ကားတွေသွားလာခွင့်ပိတ်တဲ့ပေါ်မှာ ဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေကတော့ လူအများသွားလာနေတဲ့လမ်းဖြစ်လို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“လူတွေပဲ ဒုက္ခရောက်နေတယ်။ လက်ရှိမှာ ဘာတိုက်ပွဲမှလည်းမရှိဘူးလေ။ ဒီနေ့ဆိုလည်း ကားတွေတက်တာ တစ်စီးမှမတွေ့တော့ဘူး” လို့ ရမ္မဇူရွာက ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ထားဝယ်၊ အရှေ့တောဒေသကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကတော့ လမ်းပိတ်တဲ့ စာမထုတ်ခင်ကတည်းက အရှေ့တောဒေသကနေ ထွက်ခွာသွားပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားကတော့ ကော်သူးလေတပ်မတော်ရဲ့ လမ်းပိတ်တဲ့ကြေညာစာဟာ ဘာမှအဓိပ္ပါယ်မရှိတဲ့စာပဲဖြစ်တယ်လို့ တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ထားဝယ်-ထီးခီးလမ်းတစ်လျှောက်ကို ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်သွားလာနေတဲ့ ခရီးသည်တင်ကားတွေနဲ့ လမ်းတစ်လျှောက်ရွာတွေက ဒေသခံတွေအဓိကအသုံးပြုသွားလာနေကြတာဖြစ်ပါတယ်။
The Tanintharyi Times