တော်လှန်ရေးတပ်တွေထိခိုက်သေဆုံးမှုများနေတယ်ဆိုတဲ့ ဝါဒဖြန့်စာစောင်တွေ ထားဝယ်မြို့အဝင်မှာ စစ်ကောင်စီလိုက်ဝေနေ
တော်လှန်ရေးတပ်တွေထိခိုက်သေဆုံးမှုများနေတယ်ဆိုတဲ့ ဝါဒဖြန့်စာစောင်တွေ ထားဝယ်မြို့အဝင်မှာ စစ်ကောင်စီလိုက်ဝေနေ

ထားဝယ်မြို့အဝင်က ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝါဒဖြန့်တဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေနေတယ်လို့ ဖြတ်သန်းသွားလာသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားနဲ့ရဲတွေဟာ လမ်းသွားလမ်းလာတွေကို လက်ဆွဲနှုတ်ဆက်ပြီး ရင်းရင်းနှီးနှီးပုံစံနဲ့ ဝါဒဖြန့်လက်ကမ်းစာစောင်တွေကို မနေ့ကမနက်ပိုင်းမှာ ဖြန့်ဝေခဲ့တာပဲ ဖြစ်ပါတယ်။
“ဒီလိုသတင်းတွေတွေ့ရင် အသည်းပေးနော်လို့ပြောတယ်။ ရီရီပြုံးပြုံးနဲ့ ပြောတာ” လို့ဖြတ်သန်းလာသူတစ်ဦးက ပြောပါတယ်။
ဝါဒဖြန့်စာစောင်ထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲတွေမှာ တော်လှန်ရေးတပ်တွေဘက်က အများအပြား သေဆုံးနေတယ်ဆိုတာနဲ့ တော်လှန်ရေးရဲဘော်တွေ အလင်းဝင်နေတယ်ဆိုတာတွေကို ရေးသား၊ ဖော်ပြထားပါတယ်။
အဲဒီလို ဝါဒဖြန့်စာစောင်တွေဝေနေချိန်မှာလည်းဓာတ်ပုံမှတ်တမ်းတွေလည်း ရိုက်ယူနေတယ်လို့ လမ်းသွားလမ်းလာတွေရဲ့ ပြောပြချက်အရသိရပါတယ်။
လောင်းလုံးဒေသခံလမ်းသွားလမ်းလာ နောက်ထပ်တစ်ဦးကလည်း “သူတို့ရှေ့မှာဆိုတော့ ယူလာရတာပေါ့နော်။ တကယ်ဖြစ်နေတာက အကုန်သိနေတာပဲလေ” လို့ ပြောပါတယ်။
ကမြောကင်းတံတားဂိတ်ဟာ လမ်းသွားလမ်းလာတွေကို အစစ်အဆေးတင်းကြပ်တာ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံတာတွေ အမြဲလုပ်ဆောင်နေတဲ့နေရာ ဖြစ်ပေမယ့် မနေ့ကလက်ကမ်းစာစောင်ဝေချိန်မှာတော့ ပြည်သူတွေကို ချိူချိူသာသာဆက်ဆံတဲ့ပုံစံတွေ လုပ်ဆောင်ခဲ့တယ်လို့ လမ်းသွားလမ်းလာတွေကပြောပါတယ်။
မနေ့ကမနက်ပိုင်းမှာပဲ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်နဲ့ ဗျောတောဝစစ်ဆေးရေးဂိတ်တွေမှာလည်း စစ်ကောင်စီတပ်သားတွေ အင်အားဖြည့်ရောက်ရှိနေပြီး လမ်းသွားလမ်းလာတွေကို အစစ်အဆေးတင်းကြပ်ခဲ့ပါတယ်။ အဲဒီဂိတ်တွေမှာ ဝါဒဖြန့်စာစောင့် ဖြန့်ဝေတာမျိုးတော့ မရှိဘူးလို့ဖြတ်သန်းလာသူတစ်ဦးက ဆိုပါတယ်။

ရှမ်းမြောက်ပိုင်းမှာ ပြီးခဲ့တဲ့လက စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး”မှာတော့ တပ်စခန်းပေါင်း ၁၅၀ ကျော်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံးပန်းဖမ်းမိတာလည်း ရာနဲ့ချီရှိနေပါတယ်။ ဒါ့အပြင် ကရင်နီဒေသနဲ့ စစ်ကိုင်းတိုင်းတွေမှာလည်း တော်လှန်ရေးတပ်တွေက တပ်စခန်းတွေကို ဆက်တိုက်တိုက်ခိုက်သိမ်းပိုက်နေပါတယ်။
မနေ့ကပြုလုပ်ခဲ့တဲ့ “၁၁.၁၁ စစ်ဆင်ရေး”မှာလည်း ကရင်နီဒေသက တပ်စခန်း ၇ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတိုက်လေယာဥ် တစ်စီးကိုလည်း ပစ်ချခဲ့ပါတယ်။
The Tanintharyi Times