NCA ကို အခြေခံတဲ့ လုပ်ငန်းစဉ်နဲ့ ဆွေးနွေးပွဲ လမ်းကြောင်း ရပ်တန့်သွားပြီလို့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ပြော
NCA ကို အခြေခံတဲ့ လုပ်ငန်းစဉ်နဲ့ ဆွေးနွေးပွဲ လမ်းကြောင်း ရပ်တန့်သွားပြီလို့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ပြော
စစ်အာဏာသိမ်းယူခြင်းဟာ NCA အခြေခံမူနဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးခဲ့တဲ့အတွက် NCA လုပ်ငန်းစဉ်နဲ့ ဆွေးနွေးပွဲလမ်းကြောင်းရပ်တန့်သွားပြီလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ က ဒီကနေ့မှာ စာထုတ်ပြန်လိုက်ပါတယ်။
အခုလာမယ့် ၁၅ ရက်မှာ ကျင်းပဖို့ စီစဉ်နေတဲ့ စစ်ကောင်စီရဲ့ NCA ၈ နှစ်ပြည့် အထိမ်းအမှတ် ပွဲ မတိုင်ခင်မှာပဲ မြန်မာနိုင်ငံဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသား အစည်းအရုံး KNU တို့က သူတို့ရဲ့ ပူးတွဲ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။
စစ်အာဏာသိမ်းယူခြင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသလိုလေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်း အင်အား အသုံးပြုပြီး ပြည်သူတွေကို ထပ်သလဲလဲ ပစ်မှတ်ထားတိုက်ခိုက်နေတာဟာလည်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားတဲ့ ဥပဒေတွေကို ကျူးလွန်နေတာ ဖြစ်ပြီး ဒါဟာ NCA ပျက်ပြယ်ကြောင်း ပိုပြီး ခိုင်မာစေတယ်လို့ အဖွဲ့ ၃ ဖွဲ့ က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းကို စွန့်လွှတ်လိုက်တယ်ဆိုတာလည်း ပေါ်လွန်စေတယ်လို့ ရေးသားထားပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို အခြေပြုပြီး စစ်ကောင်စီက လုပ်ဆောင်နေတဲ့ NCA အကောင်အထည်ဖော်ရေးဆွေးနွေးပွဲတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စတွေဟာ ဟန်ပြ အတုအယောင်တွေလို့ သူတို့က ဝေဖန်ပါတယ်။
ဒါက နိုင်ငံရဲ့ ပဋိပက္ခကို ရှည်လျားအောင် ပြုလုပ်နေခြင်းသာ ဖြစ်တယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
ABSDF ၊ CNF ၊ KNU တို့ဟာ ဘုံနိုင်ငံရေးရည်မှန်းချက် အချက် ၅ ချက်ကို ထားရှိပြီး အဲ့ဒီအချက်တွေက စစ်အာဏာသိမ်းတာကို ဖယ်ရှားပြီး နိုင်ငံရေးထဲ စစ်တပ်ပါဝင်နေခြင်းကို အဆုံးသတ်ဖို့၊ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းပြီး ရွေးကောက်ခံအရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ထားရှိဖို့၊ သက်ဆိုင်သူအားလုံးလက်ခံတဲ့ ဖွဲ့စည်းပုံ အသစ်ကို ရေးဆွဲဖို့၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး ဖော်ဆောင်ဖို့၊ လုပ်ငန်းစဉ်တွေ ဖော်ဆောင်တဲ့နေရာမှာ နိုင်ငံတကာရဲ့ ကြားဝင်ညှိနှိုင်းမှု၊ နည်းပညာပံ့ပိုးကူညီမှု၊ လေ့လာစောင့်ကြည့်မှုနဲ့ ဘဏ္ဍာရေးကူညီထောက်ပံ့မှုတို့ ပါဝင်ရေး သဘောတူညီထားကြဖို့တို့ ဖြစ်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီဘက်က အကြမ်းဖက်မှုကို အဆုံးမသတ်ဘဲ မည်သည့်ဆွေးနွေးပွဲမှ ပြုလုပ်ရန်မရှိကြောင်း၊ နိုင်ငံရေးအခွင့်ထူးခံ အချင်းချင်းကြား အာဏာခွဲဝေမှုကို လက်မခံကြောင်း၊ စစ်ကောင်စီကသာ အဓိက ပဋိပက္ခမိတ်ဖက် ဖြစ်ကြောင်းလက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့က တိုက်တွန်းထားပါတယ်။
စစ်ကောင်စီက NCA လက်မှတ်ထိုးတဲ့ ၈ နှစ်ပြည့်နေ့အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေသလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ ခေါင်းဆောင်ပိုင်း တချို့ကိုလည်း ဖိတ်ကြားထားပါတယ်။
သဘောထားထုတ်ပြန်ချက် ထုတ်တဲ့ တပ်ဖွဲ့ ၃ ဖွဲ့အပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၀ ဖွဲ့ရှိပါတယ်။
The Tanintharyi Times
