ထိုင်းနဲ့ တရုတ် ကုမ္ပဏီတွေ ကြီးစိုးလာတဲ့ စစ်အုပ်စုလက်အောက်က မြန်မာ့စီးပွားရေး
ထိုင်းနဲ့ တရုတ် ကုမ္ပဏီတွေ ကြီးစိုးလာတဲ့ စစ်အုပ်စုလက်အောက်က မြန်မာ့စီးပွားရေး
လက်ရှိမှာ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုဒဏ် ခံနေရတာကြောင့် အနောက်ကုမ္ပဏီတွေ အသီးသီးပြန်လည်ထွက်ခွာနေချိန်မှာ တရုတ်နဲ့ ထိုင်း ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်က အာဏာသိမ်း စစ်အုပ်စုရဲ့ ဒုတိယ၀န်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဦးသန်းဆွေဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရေးနဲ့ ပူတွဲစီမံကိန်းများ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ စစ်အုပ်စုပိုင် သတင်းစာက ဖော်ပြထားပါတယ်။
သူတို့ဟာ စက်တင်ဘာလမှာ ကျင်းပတော့မယ့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ့အစည်းအဝေးကို မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပေမဲ့ တက်ရောက်ခွင့် ရမှာမဟုတ်ပါဘူး။ သူတို့ရဲ့ တွေ့ဆုံပွဲက တရုတ်နိုင်ငံအပေါ် မြန်မာရဲ့ တိမ်းညွတ် မှီခိုမှုကို ပြသရာလည်း ရောက်နေပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ တရုတ်က ထဲထဲဝင်ဝင် နေရာယူထားပြီပဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းစက ဆန္ဒပြမှုတွေနဲ့ မတည်မငြိမ်ဖြစ်နေချိန်အတွင်း တရုတ်ပိုင်အထည်ချုပ်စက်ရုံတချို့ ပိတ်လိုက်ပေမဲ့ အခုအချိန်မှာတော့ တရုတ်အထည်ချုပ် စက်ရုံအရေအတွက် အမြောက်အများ ပြန်လည် လည်ပတ်နေပြီပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ တရုတ်ပိုင် အထည်ချုပ်စက်ရုံပေါင်း ၃၀၀ ကျော် ဖွင့်လှစ်ထားပြီး ဒီပမာဏဟာ တစ်နိုင်ငံလုံးအတိုင်းအတာ အထည်ချုပ်စက်ရုံအရေအတွက်အားလုံးရဲ့ ထက်ဝက်ကျော် ရှိတယ်လို့ ဆိုပါတယ်။
မြန်မာကို လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ ထိုင်းကုမ္ပဏီ အရေအတွက်လည်း သိသိသာသာ များပြားလာပါတယ်။ Thai Beverage ပိုင် Singapore အခြေစိုက် ဘီယာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Fraser and Neave (F&N) က မြန်မာနိုင်ငံမှာ အရက်လိုင်စင်နဲ့ မြေယာအသုံးပြုခွင့် လျှောက်ထားဖို့ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁ သန်း သုံးစွဲသွားမယ်လို့ ဇူလိုင်လက ပြောကြားခဲ့ပါတယ်။ F&N အနေနဲ့ မြန်မာနိုင်ငံမှာ ဘီယာချက်စက်ရုံ တည်ဆောက်ဖို့ ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ ဖက်စပ်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။
F&N ဟာ ၂၀၁၉ ခုနှစ်က စတင်ပြီး မြန်မာကို သီးခြားဖက်စပ်လုပ်ငန်းအနေနဲ့ ဝင်ရောက်ကာ Chang beer ထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။ အဲ့တာကြောင့် ဒီအရွေ့ဟာ F&N အတွက် မြန်မာမှာ လုပ်ငန်းထပ်မံချဲ့ထွင်လိုက်တာပဲ ဖြစ်ပါတယ်။
“ထိုင်းကုမ္ပဏီတွေအတွက်ဆိုရင် မြန်မာမှာ လာထုတ်တာက ထိုင်းပြည်တွင်းမှာ ထုတ်တာထက် အလုပ်သမားစရိတ်စက သက်သာတယ်လို့ တွက်ကြတယ်လေ” လို့ မြန်မာနိုင်ငံအထူးပြု စီးပွားရေးလုပ်ငန်းချဲ့ထွင်ရေး အကြံပေး Shinsuke Goto က ပြောပါတယ်။
အလားတူပဲ ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီးတွေလည်း မြန်မာနိုင်ငံကို ဝင်ရောက်လာကြပါတယ်။ မနှစ်က ဂျပန်က Eneos Holdings နဲ့ မလေးရှားက Petronas တို့ အသီးသီး ပြန်လည်ထွက်ခွာသွားတဲ့အချိန်မှာ ထိုင်းနိုင်ငံက မြောက်ပိုင်းပင်လယ်ကွေ့ရေနံစီမံကိန်း (Northern Gulf Petroleum) က ရဲတံခွန်ကမ်းလွန် ဓာတ်ငွေ့စီမံကိန်းကို လက်လွှဲရယူခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့အကြီးဆုံး ပင်လယ်ကမ်းလွန် သဘာဝဓာတ်ငွေ့တွင်း “ရတနာ” ကို ဦးဆောင်လုပ်ကိုင်နေတဲ့ ပြင်သစ် အထင်ကရ စွမ်းအင်လုပ်ငန်းစု TotalEnergies ပြန်လည်ထွက်ခွာသွားချိန်မှာ ထိုင်းနိုင်ငံပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော် ထုတ်လုပ်ရေး လုပ်ငန်း PTT က အစားထိုး ဝင်ရောက်နေတာ ဖြစ်ပါတယ်။
အခုအချိန်မှာ မြန်မာက သဘာဝဓာတ်ငွေ့ကို ဝယ်ယူခြင်းဟာ စစ်အုပ်စုကို ထောက်ပံ့နေတာဖြစ်ကြောင်း အများစု ဝေဖန်ထောက်ပြနေချိန်ဖြစ်ပေမဲ့ မြန်မာဟာ ဒေသတွင်း စွမ်းအင်တင်ပို့မှု အများဆုံး လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ သုံးစွဲမှုပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကို မြန်မာက ဝယ်ယူနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး အာဏာရလာတဲ့ ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာဟာ အာဏာသိမ်းစစ်အုပ်စုကို တရင်းတနှီး ဆက်ဆံနေသလို အခုအပတ်အတွင်း စတင်ဖွဲ့စည်းခဲ့တဲ့ ညွန့်ပေါင်းအစိုးရရဲ့ ဝန်ကြီးချုပ်အသစ် Srettha Thavisin ကလည်း ထိုင်းစစ်တပ် ကျောထောက်နောက်ခံပြု ပါတီဝင်ကို စွမ်းအင်ဝန်ကြီးခန့်ထားပြီး စွမ်းအင်မူဝါဒတွေမှာ အိမ်နီးချင်မြန်မာနဲ့ ဆက်လက် လက်တွဲသွားဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်နဲ့ နီးကပ်လွန်းတဲ့ တယ်လီကွန်းနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဥရောပနိုင်ငံပေါင်းစုံလည်း ပြန်လည်ထွက်ခွာသွားကြပါတယ်။ ဒ့ါအပြင် မြန်မာ့စီးပွားရေးရဲ့ အဓိက မောင်နှင်အားတစ်ခုဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းတွေမှာလည်း အနောက်ကုမ္ပဏီတွေ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက ဆွီဒင်ကုမ္ပဏီ H&M အနေနဲ့ မြန်မာပြည်ထုတ် အ၀တ်အထည် အမှာတွေကို ဖြည်းဖြည်းချင်းလျှော့ချ ရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ H&M ဟာ အာဏာသိမ်းပြီးချိန်က အမှာစာ အသစ် လက်ခံမှု ပိတ်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် မေလမှာ လုပ်ငန်းတွေ ပြန်လည် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
H&M က အဆိုပါ ကြေညာချက် မထုတ်ပြန်ခင် လန်ဒန်အခြေစိုက် NGO တစ်ခုဖြစ်တဲ့ “Business & Human Rights Resource Center” ကနေ မြန်မာပြည်ရဲ့ အထည်ချုပ်စက်ရုံတွေဟာ ဝန်ထမ်းတွေကို မမျှတတဲ့ လုပ်ခလစာ နဲ့ လက်လွတ်စပယ် အလုပ်ထုတ်နေကြောင်း အစီရင်ခံတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်မှာ ကျူးလွန်သူ လုပ်ငန်း (၂၀) စာရင်းကို ဖော်ပြထားပြီး H&M လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် ဒီလို လုပ်ရပ်တွေဟာ အထည်ချုပ် စက်ရုံတွေနဲ့ အာဏာသိမ်းစစ်တပ်တို့ ပူးပေါင်း ဖိနှိပ်နေတာမျိုးဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
အစီရင်ခံမှာ မြန်မာစက်ရုံတွေနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့လည်း စစ်တပ်နဲ့ စက်ရုံပိုင်ရှင်တွေအကြား ပူးပေါင်းဆောင်ရွက်မှု ရှိ၊ မရှိ အပါအဝင် ဝန်ထမ်းတွေရဲ့ အခြေခံစားဝတ်နေရေး လိုအပ်ချက်တွေကို ပြည့်မီအောင် ဖြည့်ဆည်းပေးထားခြင်း ရှိ၊မရှိ အမြဲတမ်း စောင့်ကြည့်ကြပ်မတ်သင့်တယ်လို့လည်း အကြံပြုထားပါတယ်။
စပိန်အခြေစိုက် Zara fast-fashion ဆိုင်ခွဲတစ်ခုဖြစ်တဲ့ Inditex ကလည်း မြန်မာကနေ ပြန်ထွက်ဖို့ ပြင်ဆင်နေကြောင်း ဇွန်လက ကြေညာခဲ့ပါတယ်။ Inditex နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ မြန်မာစက်ရုံဟာ လုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆို ဆန္ဒပြခဲ့တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်ပစ်ခဲ့သလို စစ်အုပ်စုထံ တိုင်ကြားကာ ဖမ်းဆီးစေခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် H&M နဲ့ Inditex တို့က အလုပ်လက်မဲ့ ဦးရေ မတိုးမြင့်စေရေး အကြောင်းပြကာ မြန်မာစက်ရုံတွေဆီက အဝတ်အထည်တွေ ဆက်လက် ဝယ်ယူနေခဲ့ပေမဲ့ အလုပ်သမားတွေကို ဖိနှိပ်တဲ့ အပြုအမူတွေကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှု ပြစ်တင်မှု ခံနေကြရပါတယ်။
ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin Holdings and Eneos လည်း မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာခဲ့ပေမဲ့ မြန်မာမှာ ကျန်ရှိနေတဲ့ ဂျပန် လုပ်ငန်း ၄၀၀ ဝန်းကျင်ကတော့ ထွက်ခွာဖို့ အကြောင်းတစ်စုံတစ်ရာမှ မထုတ်ပြန်သေးပါဘူး။
ဂျပန်နဲ့ မြန်မာတို့ဟာ နှစ်ပေါင်းများစွာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပြီး နိုင်ငံရေးအခြေအနေ တည်ငြိမ်သွားပါက ဈေးကွက်ပိုချဲ့ထွင်သွားဖို့ ကတိကဝတ်ပြုထားကြပါတယ်။
Mitsubishi Corp. နဲ့ Mitsubishi Estate တို့ ပါဝင်တဲ့ ရန်ကုန်ရဲ့ အကြီးစားအိမ်ခြံမြေလုပ်ငန်းစုကြီးဖြစ်တဲ့ Yoma Central ကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားဆဲလို့ သိရပါတယ်။
အာဏာသိမ်းမှု မဖြစ်ပွားခင် ဆောက်လုပ်ပြီးစီးခဲ့တဲ့ Toyota Motor ကတော့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ စက်ရုံတိုက်ရိုက်စီမံခန့်ခွဲမှု ပုံစံနဲ့ လုပ်ငန်းစတင်ခဲ့ပါတယ်။ စတင်ချိန်က တစ်နေ့ကို ကားအစီးရေ နှစ်စီးအထိသာ ထုတ်လုပ်နိုင်ပေမဲ့ အခုအခါ လေးစီးနဲ့ ငါးစီး ကြား ပုံမှန်ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာမှာ အရင်းအနှီး မြှုပ်နှံထားပြီးသား ဖြစ်သွားတဲ့ ကုမ္ပဏီတွေအတွက်တော့ ထွက်ခွာဖို့ အစီအစဥ်က ခက်ခဲမှာဖြစ်ကြောင်းနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေမှာတော့ လုပ်ခလစာ နည်းနည်းပဲပေးဖို့လိုတာကြောင့် မြန်မာမှာ စက်ရုံဆောက်ပြီး ကမ်းလွန်ရင်းနှီးမြှုပ်နှံလိုသူတွေ ဆက်လက်ရှိနေနိုင်တယ်လို့ မြန်မာမှာ အလုပ်လုပ်ကိုင်နေတဲ့ ဂျပန်စာရင်းကိုင်က သုံးသပ်ပါတယ်။
(ဂျပန်အခြေစိုက် Nikkei Asian Review သတင်းဌာနက စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ In Myanmar, Chinese and Thai companies fill economic vacuum ဆောင်းပါးကို Connect Burma ကဆီလျော်အောင် ဘာသာပြန်ထားပါတယ်)
The Tanintharyi Times
