ဆေးဖက်ဝင် အာဟာရပြည့်”ရုံးပတီသီး”

ဆေးဖက်ဝင် အာဟာရပြည့်”ရုံးပတီသီး”

ချဉ်ပေါင် နဲ့ မျှစ် အပြီးမှာ အတွဲလိုက် စဉ်းစားမိတဲ့ ဟင်းသီးဟင်းရွက်က ရုံးပတီသီး ပါပဲ။ ရာသီမရွေး ရနိုင်တဲ့ ရုံးပတီသီး အကြောင်းကို စိတ်ဝင်စားမယ် ထင်ပါတယ် ။

” ရုံးပတီသီး “

————–

အမျိုးသမီးရဲ့ လက်ချောင်း “lady’s finger” လို့ ခေါ်ကြတဲ့ စိမ်းစိုစို ရုံးပတီသီးတွေကလည်း ဆေးဖက်ဝင် အာဟာရပြည့် ဟင်းသီးဟင်းရွက်ပါပဲ။ သူ့မှာ ပါဝင်တဲ့ အာဟာရနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ကြည့်မယ်ဆိုရင်–

1. အာဟာရ ကြွယ်ဝမှု

~~~~~~~~~~~~~~~

ရုံးပတီသီးမှာ ကစီဓာတ် ၊ အသားဓာတ်၊ အမျှင် ၊ မဂ္ဂနီဆီယမ်၊ ဖောလစ် အက်ဆစ်၊ ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် K၊ဗီတာမင် B6တွေ ပါဝင်ကြပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးသလို သွေးတိတ်စေတဲ့ အစွမ်းလည်း ရှိပါတယ်။

2. ဓာတ်တိုးဆန့်ကျင် အင်တီအောက်ဆီးဒင့်

~~~~~~~~~~~~~~~~~~~~~~~~~~~~~

နာတာရှည်ရောဂါတွေ ကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့ ရုံးပတီသီးက နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။ အင်တီအောက်ဆီးဒင့် တွေထဲက polyphenol က ဦးနှောက် မှာ ယောင်ရမ်းမှုတွေကို ကာကွယ်ပေးတာကြောင့်လည်း အသက်ကြီးလို့ မေ့လျေ့တာတွေ၊ မှတ်ဉာဏ်ချို့ယွင်းမှုတွေကို ကာကွယ်ပေးပြီး သင်ယူနိုင်စွမ်းပါ အထောက်အကူ ဖြစ်စေပါတယ်။

3. နှလုံးရောဂါ ဖြစ်နိုင်ချေ လျော့

~~~~~~~~~~~~~~~~~~~~~~

ကိုလက်စထရော သွေးထဲမှာ များနေတာက နှလုံးရောဂါ ဖြစ်နိုင်ချေ မြင့်မားစေပါတယ်။ ရုံးပတီသီးမှာ ပါတဲ့ mucilage က ကိုလက်စထရောတွေကို ကိုယ်တွင်းမှာ စုတ်ယူခြင်း မပြုစေဘဲ မစင်ထဲမှ စွန့်နိုင်အောင် လုပ်ပေးတာမို့ ကိုလက်စထရော လျော့ကျပြီး နှလုံးရောဂါ ဖြစ်နိုင်ချေ လျော့စေတာပါ။

4. ကင်ဆာ ကာကွယ်‌ရေး

~~~~~~~~~~~~~~~~~

ရုံးပတီသီးမှာ ပါတဲ့ lectin ပရိုတင်းက လူတွေ မှာ ကင်ဆာဆဲလ်တွေ မပေါ်ပေါက်အောင် တားဆီးပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ သေစေတာ တွေ့ရှိတဲ့ စမ်းသပ်ချက်တွေလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

5. ဆီးချို ကျစေတယ်

~~~~~~~~~~~~~~~

ရုံးပတီသီးက အစာလမ်းကြောင်းမှာ သကြား စုတ်ယူမှုကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ အတွက် သက်သာစေမယ့် ဆေးတမျိုးလို ယူဆကြပါတယ်။ တခုတော့ သတိထားရမှာက ဆီးချိုရောဂါ ကုသတဲ့ metformin ဆေးရဲ့ အာနိသင်ကိုတော့ ရုံးပတီသီးက လျော့ကျစေတာမို့ အဲဒီဆေးသောက်နေသူတွေ အတွက်တော့ ဆင်ခြင်ရပါမယ်။

6. ကိုယ်ဝန်ဆောင် အတွက်

~~~~~~~~~~~~~~~~~~

ကိုယ်ဝန်ဆောင်မိခင်တွေမှာ သန္ဓေသားရဲ့ ဦးနှေက်နဲ့ ကျောရိုးမကြီး ဖွံ့ဖြိုးရေးအတွက် ဖောလစ် အက်ဆစ် လိုအပ်ပါတယ်။ ရုံးပတီသီးက ဖောလစ်အက်ဆစ် ကြွယ်ဝတာမို့ ကိုယ်ဝန်ဆောင်တွေအတွက် စားသုံးရမယ့် အားဖြည့်ဆေး တမယ် ဖြစ်နေပါတယ်။

အခု တင်ပြခဲ့တဲ့ ရုံးပတီသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက သိသာထင်ရှားတဲ့ထဲက အချက်တွေပါ။ ချက်ပြုတ် စားသုံးဖို့လည်း လွယ်ကူပြီး ကျန်းမာရေးမှာ အများကြီး အထောက်အကူဖြစ်တဲ့ ရုံးပတီသီးကိုလည်း နေ့စဉ် စားသုံးနိုင်ရင် မကောင်းပေဘူးလား။

ဆရာဝန်တစ်ဦး

The Tanintharyi Times