စစ်ကောင်စီရွေးကောက်ပွဲမဖြစ်မြောက်ရေးဟာ ကရင်တစ်မျိုးသားလုံးရဲ့တာဝန်ဖြစ်တယ်လို့ KNUဥက္ကဌပြော
စစ်ကောင်စီရွေးကောက်ပွဲမဖြစ်မြောက်ရေးဟာ ကရင်တစ်မျိုးသားလုံးရဲ့တာဝန်ဖြစ်တယ်လို့ KNUဥက္ကဌပြော

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ မဖြစ်မြောက်ရေးဟာ ကရင်တစ်မျိုးသားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ၇၅နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့ မိန့်ခွန်းမှာ KNUဥက္ကဌက အခုလို ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။
စစ်အာဏာရှင်အုပ်စုက ဒီနှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ မျက်လှည့်ပြဖို့နဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်ဖို့အတွက်ဘဲဖြစ်ပြီး ဒီရွေးကောက်ပွဲဟာ နိုင်ငံတွင်းက ပဋိပက္ခတွေကို အရှိန်မြင့်လာစေပြီး ပိုမိုပြင်းထန်းလာစေမယ်လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် ဒီရွေးကောက်ပွဲကျင်းပတာက လူငယ်တွေရဲ့ အနာဂတ်ကံကြမ္မာကို အဆုံးသတ် ဆုံးဖြတ်သွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ဒီရွေးကောက်ပွဲကို မဖြစ်မြောက်စေဖို့ ကရင်တမျိုးသားလုံးရဲ့ အမျိုးသားရေးတာဝန်အဖြစ် မှတ်ယူရမယ်လို့ ပဒိုစောကွယ်ထူးဝင်းကပြောပါတယ်။
စစ်အာဏာရှင်တွေဟာ ဇာတ်သိမ်းတော့မယ့် အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် မာန်မလျော့သေးဘဲ နိုင်ငံရဲ့ အခက်အခဲပြဿနာတွေကို နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းလိုစိတ်လည်း မရှိကြဘူးလို့ သူကပြောဆိုခဲ့ပါတယ်။
ဗမာစစ်အာဏာရှင်အုပ်စုရဲ့ အာဏာအဆုံးသတ် နိဂုံးချုပ်သွားဖို့အတွက် KNUအနေနဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တခြားသောအဖွဲ့အစည်းတွေ၊ လူမျိုးစု ပြည်သူလူထုအားလုံးနဲ့အတူ လက်တွဲပြီး တိုက်ဖျက်သွားမယ်လို့လည်း ကရင့်အမျိုးသားအာဇာနည်နေ့ မိန့်ခွန်းမှာ KNUဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
Connect Burma
The Tanintharyi Times