ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန် နဲ့ ကျားဖြန့်ဂိုဏ်းမှာ အဓိကတာဝန်ရှိသူ ၂၁ ဦးကို စွဲချက်တင်
ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန် နဲ့ ကျားဖြန့်ဂိုဏ်းမှာ အဓိကတာဝန်ရှိသူ ၂၁ ဦးကို စွဲချက်တင်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အွန်လိုင်းငွေကြေးလိမ်လည်ရေးလုပ်ငန်း(ကျားဖြန့်) နဲ့ လူကုန်ကူးမှု တွေမှာ အဓိကတာဝန်ရှိတဲ့ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်မိသားစု အပါအဝင် ၂၁ ဦးကို ရှန်ကျန်းမြို့တော် ပြည်သူ့တရားရုံးက စွဲချက်တင်လိုက်တယ်လို့ သိရပါတယ်။
စွဲချက်တင်ခံရတဲ့ အထဲမှာ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်ပယ်ဆောက်ချိန်၊သူရဲ့ မိသားစုဝင်တွေ၊ မြန်မာနိုင်ငံသားတချို့ နဲ့ တရုတ် နိုင်ငံသား ၆ ဦး၊ စုစုပေါင်း ၂၁ ဦးပါဝင်တယ်လို့ သိရပါတယ်။
မြန်မာ စစ်တပ်ရဲ့ မိတ်ဖက် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန် ဦးဆောင်တဲ့ ရာဇဝတ်ဂိုဏ်းဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ လိမ်လည်မှု၊ တရားမဝင် လောင်းစကားမှု၊ ရည်ရွယ်ချက်ရှိရှိ လူပေါင်းများစွာသတ်ဖြတ်မှု မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေအပြင် အခြားရာဇဝတ်မှု အများအပြား နဲ့ စွဲချက်တင်ခံလိုက်ရတာဖြစ်ပါတယ်။
တရုတ်အစိုးရကဖမ်းဆီးထားတဲ့အထဲမှာ ပယ်ဆောက်ချိန်မိသားစု အပါအဝင် သူတို့ပတ်သက်သူ စုစုပေါင်း ၁၀ ဦးခန့်ရှိတယ်လို့လည်းသိရပါတယ်။
တရုတ်နိုင်ငံပိုင် သတင်းဌာန Global Times ရဲ့ဖော်ပြချက်မှာတော့ ကိုးကန့်ပြည်သူ့စစ်တွေဦးဆောင်တဲ့ ကျားဖြန့် ဂိုဏ်းဟာ အွန်လိုင်းငွေကြေးလိမ်လည်မှုပေါင်း ၃၁,၀၀၀ ကျော်လုပ်ဆောင်ခဲ့ပြီး အဲ့ဒီလိမ်လည် မှုတွေ ကနေ ယွမ် ၁၀ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ၄၈ ဘီလီယံ) လိမ်လည်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ဦးဆောင်တဲ့ရာဇဝတ်ဂိုဏ်းဟာ မူးယစ်ဆေးဝါး တန်ချိန် ၁၁ ခန့် ထုတ်လုပ်ရောင်းချမှုတွင်လည်း ပါဝင်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ပယ်မိသားစု ရဲ့ ကျားဖြန့်ဂိုဏ်းဟာ တရုတ်နိုင်ငံသား ၆ ဦးကိုရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခဲ့တာကိုလည်း စစ်ဆေးတွေ့ ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ အမှုတွေကို စစ်ဆေးနေတဲ့ ရှန်ကျန်း မြို့တော် ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဒုတိယခေါင်းဆောင် က ပယ်ဆောက်ချိန်မိသားစု ဟာ ကိုးကန့်ဒေသမှာ လက်နက်နဲ့ အာဏာကို အပြည့် အဝ အသုံးချပြီးရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပယ်ဆောက်ချိန်ဟာ ကိုးကန့် ဒေသမှာ ဧကရာဇ် တစ်ပါးသဖွယ်အာဏာကို အကန့်အသတ်မရှိ အသုံးချခဲ့ပြီး အခုလိုရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာလို့လည်းဆက်ပြောပါတယ်။
တရုတ်အစိုးရ ဟာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌဟောင်း ဦးပယ်ဆောက်ချိန် သူရဲ့ မိသားစုဝင်တွေဖြစ်တဲ့ ပယ်ရင့်ချန်(ခ)လီယွင်ချိန် (ဦးပယ်ဆောက်ချိန်၏သား) ၊ ပယ်ရင့်လန်(ခ)လီမုန့်န (ဦးပယ်ဆောက်ချိန်၏သမီး) ဦးဝိဟိုင်ရိန်(ခ)ဦးဝိစိုင်း၊ ဝိယုံ(ခ)ချိန်ယုံ (ဦးဝိစိုင်း၏တူမ)၊ ဝိချင်ရှုံး(ခ)ရန်ရှုံး (ဦးဝိစိုင်း၏သား) ၊ ဦးလျှိုကျိမ့်ရှန် ၊ လျှိုကျီကွမ်(ခ)လီဟွာကွမ် (ဦးလျှိုကျိမ့်ရှန်၏သား) ၊ လျှိုကျိမ့်မောက် ၊ ရွှီလောက်ဖာ(ခ)ရွှီဖာချီ တို့ဖြစ်ပါတယ်။
ပယ်ဆောက်ချိန် မိသားစုရဲ့ မိတ်ဖက်နိုင်ငံရေး အသိုင်းအဝိုင်း အဖြစ်တဲ့ မြီမိသားစုကိုလည်း တရုတ်အစိုးရ ကဖမ်းဆီးထားပါတယ်။
အဲ့ဒီထဲမှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း မြီရှောက်ချန်း ကတော့သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပြီး သူ့ရဲ့ သားသမီးတွေကတော့ ကျားဖြန့် အမှုနဲ့ တရုတ်အစိုးရ က စွဲချက်တင်ဖမ်းဆီးထားပါတယ်။
ကိုးကား – Global Times
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times