ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း တွေ့ဆုံခွင့်ရခဲ့တယ်လို့ ဂျပန်သတင်းဌာနတစ်ခုဖြစ်တဲ့ ကျိုဒိုသတင်းက ဒီကနေ့မနက်ပိုင်းမှာ ဖော်ပြလာပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းဟာ နေပြည်တော်ကို အခုလ ၉ ရက်နေ့မှာလာရောက်ချိန်မှာ တွေ့ဆုံခွင့်ရခဲ့တာလို့ အင်ဒိုနီးရှားနိုင်ငံမှာ မနေ့က ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ သိရပါတယ်။
BBC သတင်းဌာနရဲ့ မေးမြန်းချက်ကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက တနင်္ဂနွေနေ့ကသွားခဲ့တဲ့ နေပြည်တော် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ (၁) နာရီနီးပါးကြာ သီးသန့်တွေ့ဆုံခဲ့တာလို့ အတည်ပြုပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အခြေအနေကို ဂျာကာတာမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တင်ပြဖို့ရှိသလို အသေးစိတ်ကိုလည်း မကြာခင်မှာထုတ်ပြန်မယ်လို့လည်း သိရပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ အဆင့်မြင့်နိုင်ငံရေးဝန်ကြီးတစ်ဦးနဲ့ ပထမဆုံးတွေ့ဆုံခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံအစည်း အဝေးမသွားမီ နေပြည်တော်မှာ စစ်ကောင်စီနဲ့တွေ့ဆုံဖို့ တိတ်တဆိတ်ရောက်လာခဲ့တာဖြစ်ပြီး သူနဲ့တွေ့ဆုံမှု အသေးစိတ်အခြေအနေကိုတော့ စစ်ကောင်စီဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
The Tanintharyi Times
