ပုလောက လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးဟုဆို
ပုလောက လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးဟုဆို
ပုလောဖက်ကနေ တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။
ဒီနေ့ ညနေ ၅ နာရီအချိန်ခန့်က မြိတ်ခရိုင် ပုလောဖက်ကနေ သရက်ချောင်းဖက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီ ကား၅ စီးပါယာဥ်တန်းကို ပိတောက်ကြီးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ယာဥ် နှစ်စီးထိခိုက်ပျက်စီးပြီး ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် တပ်သား ၇ ဦးသေဆုံးကာ ၁၁ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“သေဆုံးသွားတဲ့ အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်လူနာတင်ကားနဲ့တင်ပြီး ပုလောဖက်ကို ဆင်းသွားတယ်”လို့ မျက်မြင်တစ်ဦးက ပြောပြပါတယ်။
မိုင်းဆွဲတိုက်ခိုက်ချိန်မှာ စစ်ကောင်စီဖက်က ရမ်းသမ်းပစ်ခတ်တာတွေ ရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိခိုက်ဒဏ်ရာရရှိမှုမရှိပဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ကလည်း ပိတောက်ကြီးရွာအနီးမှာ ပုလောဖက်ကနေမောင်းနှင်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို သိန်းငှက်ပြောက်ကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါလာတဲ့စစ်သားတွေ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ နီးပါးရှိခဲ့ပါတယ်။
The Tanintharyi Times
