ပုလောမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ အသေအပျောက်များနိုင်

ပုလောမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ အသေအပျောက်များနိုင်

ဓာတ်ပုံ - ပုလောမှာ တိုကိခိုက်ခံရတဲ့စစ်ကောင်စီယာဥ်တန်းပုံဟောင်း။ (KPDF)

မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မေလ ၁၁ ရက် မနက် ၂ နာရီဝန်းကျင်မှာ ပုလောမြို့ရဲစခန်းကနေ ပလောက်မြို့ဘက်ကို တက်လာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကားကြီးနှစ်စီး ထမင်းမစားရွာနဲ့ နန်းပရုပ်ရွာကြား ကားလမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

” ကျနော် တို့ ခွဲ‌တဲ့မိုင်းက ပတ်တလားမိုင်း။ အကြီးကြီးပဲ” လို့ ဖောက်ခွဲမှု ဖြစ်စဉ်အတွင်း ပါဝင်လုပ်ဆောင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အင်အားအများအပြား ကျဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။ အတိအကျကိုတော့မသိရသေးပါဘူး။

အခုလ ၄ ရက်နေ့ကလည်း ထမင်းမစားကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း ပုလောမြို့နယ်၊ ထမင်းမစားရွာ၊ နန်းတောင်ရွာ၊ ပုလောကုန်းရွာ ပလမြို့တွေမှာ ထိတွေ့ ပစ်ခတ်မှု အသီးသီးဖြစ်ခဲ့ကြပါတယ်။

The Tanintharyi Times