စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်ရဲ့ ရေတပ်ဦးစီးချုပ် မိုးအောင်ကို အာဆီယံက ခေါင်းဆောင်မှု ရာထူးတွေ ပေးအပ်ချီးမြှင့်

စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်ရဲ့ ရေတပ်ဦးစီးချုပ် မိုးအောင်ကို အာဆီယံက ခေါင်းဆောင်မှု ရာထူးတွေ ပေးအပ်ချီးမြှင့်

အခုသီတင်းပတ်အတွင်းကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့အတူ ဖိလစ်ပိုင်ရေတပ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံရေတပ်စစ်ဦးစီးချုပ်များ အစည်းအဝေး (ANCM) မှာ မြန်မာစစ်တပ်ရဲ့ ရေတပ်ဦးစီးချုပ် မိုးအောင်ပါဝင်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အတွက် ANCM ရဲ့ ဦးဆောင်မှုရာထူး ကို ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူခံထားရတဲ့ စစ်ရာဇဝတ်ကောင် မိုးအောင်ကို ဒေသတွင်းရေတပ်တွေ ဦးဆောင်ရမယ့်ရာထူးကို အာဆီယံက ပေးလိုက်တာဖြစ်တယ်လို့ Justice For Myanmar ကထုတ်ပြန်ထားပါတယ်။

လက်ရှိ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM)ရဲ့ သဘာပတိ အင်ဒိုနီးရှားနိုင်ငံက မိုးအောင်တို့လို စစ်ရာဇဝတ်ကောင်တွေ အင်အားကောင်းလာဖို့ ဒေသတွင်းက စစ်ဘက်ဆိုင်ရာအဖွဲ့များရဲ့ အကြီးအကဲအဖြစ် တရားဝင်ဖြစ်အောင် ပံ့ပိုးပေးနေတာဖြစ်တယ်လို့ Justice For Myanmar ကထောက်ပြထားပါတယ်။

အာဆီယံဟာ ADMM ကတဆင့် မြန်မာစစ်အုပ်စုကို သံတမန်ရေးရာ၊ စစ်ရေး၊ နည်းပညာ၊ ငွေကြေးနဲ့ ထောက်လှမ်းရေးပညာအထောက်အပံ့တွေ ပေးအပ်နိုင်ခဲ့ပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ ရာဇ၀တ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းအလျင်းမရှိပဲ ကျူးလွန်ခိုင်းနေတာဖြစ်တယ်လို့လည်း JFM ကဆိုပါတယ်။

ADMM မှာ မြန်မာစစ်တပ်ရဲ့ ပူးပေါင်းပါဝင်ခြင်းအားဖြင့် လက်နက်နဲ့ စစ်သုံးကိရိယာတွေ ဝယ်ယူတာ၊ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ စွမ်းရည်တွေမြှင့်တင်တာ၊ သူတို့ရဲ့ လက်နက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့ မြန်မာနိုင်ငံပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှု စစ်ရေးစွမ်းရည်တွေမြှင့်တင်ရာမှာ အထောက်အပံ့ကောင်းတွေ ရနေတာဖြစ်တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုအောက်မှာ အာဆီယံဟာ အကြမ်းဖက်မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇ၀တ်မှုကျူးလွန်နေတာတွေကို ဆက်လက်အရေးယူဖို့ ပျက်ကွက်ခဲ့ရုံသာမက ထောက်ခံမှု၊ တရားဝင်မှုတွေ ပေးအပ်နေတာက စစ်အုပ်စုကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေမှာ ကြံရာပါ ဖြစ်စေကြောင်းလည်း ထောက်ပြထားပါတယ်။

အကြမ်းဖက်မြန်မာစစ်အုပ်စုကို အစည်းအဝေးတွေ၊ ပါဝင်လှုပ်ရှားမှုတွေ အားလုံးကနေ ချက်ချင်း ဖယ်ထုတ်ဖို့၊ ANCM အာဆီယံ ရေတပ်စစ်ဦးချုပ်အစည်းအဝေး၊ အာဆီယံ လေတပ်ဦးစီးချုပ် အစည်းအဝေး၊ လေ ဦးစီးချုပ် အစည်းအဝေး၊ အာဆီယံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေး ကျွမ်းကျင်သူ အလုပ်အဖွဲ့ နဲ့ အာဆီယံရဲတပ်ဖွဲ့တို့ကို ဦးဆောင်ခွင့်ရနေတာတွေကနေ ဖယ်ရှားဖို့ Justice For Myanmar က အာဆီယံနဲ့ သူတို့ရဲ့ မိတ်ဖက်တွေကို တောင်းဆိုထားပါ‌သေးတယ်။

မြန်မာစစ်တပ်ရဲ့ ရေတပ်ဦးစီးချုပ် မိုးအောင်ကို “အခွင့်အာဏာကိုအသုံးချပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကို ရေယာဥ် / သင်္ဘောတွေနဲ့ တပ်သားနဲ့စစ်လက်နက်တွေကို ရေကြောင်းလမ်းအတိုင်း မြန်မာနိုင်ငံမြောက်ပိုင်းကို ပို့ခဲ့တဲ့အတွက် သူဟာ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိတယ်။ “ လို့ EU က မှတ်ချက်ပေးပြီး ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားတာဖြစ်ပါတယ်။

၂၀၁၇ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ကျူးလွန်မှုမှာ မြန်မာရေတပ်က ပါဝင်ခဲ့ပါတယ်။ ရိုဟင်ဂျာရွာသားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် ရခိုင်ပြည်မြောက်ပိုင်း အထိ ခြေလျင်တပ်တွေကို စစ်ရေယာဥ်တွေနဲ့ ပို့ဆောင်ခဲ့တာပါ။

စစ်အုပ်စုရေတပ်ဟာ ရခိုင်ပြည်နယ်မှာ အသားအရောင်ခွဲခြားဖိနှိပ်မှုတွေ ဆက်လက်ကျင့်သုံးနေတဲ့အပြင် ရိုဟင်ဂျာလှေတွေကို ကြားဖြတ်ဖမ်းဆီးပြီး ကလေးငယ်တွေအပါအဝင် သင်္ဘောပေါ်ပါလာသူတွေကို တရားလက်လွတ် နိုင်ထက်စီးနင်းဖမ်းဆီးနေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။

The Tanintharyi Times