KNU အုပ်ချုပ်နယ်မြေတွေမှာ လေးလအတွင်း တိုက်ပွဲပေါင်း ၁၆၀၀ ကျော် ဖြစ်ပွား
KNU အုပ်ချုပ်နယ်မြေတွေမှာ လေးလအတွင်း တိုက်ပွဲပေါင်း ၁၆၀၀ ကျော် ဖြစ်ပွား

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ လေးလအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်အကြိမ်ပေါင်း ၁၆၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
KNU ရဲ့ တပ်တွေဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တို့နဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)တို့အကြား နေ့စဥ်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလ အထိ လေးလအတွင်း တိုက်ပွဲကြီး တိုက်ပွဲငယ် ၁၆၄၂ ကြိမ် ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး လေးဦး၊ ဒုတပ်ရင်းမှူး ၅ ဦးနဲ့ BGF တပ်ဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၁၇၆၃ ဦး သေဆုံးခဲ့ပြီး ၁၁၈၈ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တို့ဘက်က ၅၉ ဦး အသက်ပေးလှူခဲ့ပြီး ၁၉၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ BGF တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာမှုတွေကြောင့် ပြည်သူလုထု (၄) သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူလူထုတွေဟာ စာနပ်ရိက္ခာမလုံတာတွေ၊ နေရာထိုင်ခင်းအတွက် အမိုးအကာ မလုံလောက်တာတွေနဲ့ ကျန်းမာရေးဆိုင်ရာ ဆေးဝါး မလုံလောက်မှုပြဿနာတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပြီး သူတို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times