ကော်သူးလေတပ်မတော်ကို ဘားအံခရိုင်အတွင်း ခြေချ၊ လှုပ်ရှားခွင့် မပြုဘူးလို့ KNU တပ်မဟာ(၇)ထုတ်ပြန်

ကော်သူးလေတပ်မတော်ကို ဘားအံခရိုင်အတွင်း ခြေချ၊ လှုပ်ရှားခွင့် မပြုဘူးလို့ KNU တပ်မဟာ(၇)ထုတ်ပြန်

ကော်သူးလေတပ်မတော် (KTLA)ကို ဘားအံခရိုင်နယ်မြေအတွင်း ခြေချခွင့်၊ လှုပ်ရှားခွင့် လုံးဝမပြုတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၇)ရဲ့ အလုပ်အမှုဆောင် ကော်မတီက စာထုတ်ပြန်ပါတယ်။

ကော်သူးလေတပ်မတော်ဟာ တပ်မဟာ(၇)၊ ဘားအံခရိုင်က ကျေးရွာတွေထဲကို တိုက်ပွဲတွေအတွင်းဝင်ရောက်လာပြီး ရွာသူရွာသားတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတာနဲ့ ပစ္စည်းဥစ္စာတွေကို လုယူတာတွေ ပြုလုပ်ခဲ့တယ်လို့ တပ်မဟာ (၇) က ပြောထားပါတယ်။

ဒါ့အပြင် အတိုင်းအတာတစ်ခုအထိရရှိထားတဲ့ ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးအဖွဲ့အစည်း(UCKAG)ရဲ့ စည်းလုံးညီညွတ်မှုကို ပျက်စီးအောင် ကြိုးပမ်းခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တပ်မဟာ(၇) ရဲ့ ထုတ်ပြန်ချက်အပေါ် ကော်သူးလေတပ်မတော်က ပြန်လည် တုန့်ပြန်လာတာတော့ မရှိသေးပါဘူး။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် အတွင်းမှာလည်း ဒီနှစ်အစောပိုင်းက ကော်သူးလေတပ်မတော်နဲ့ KNU တပ်မဟာ (၄)တို့စစ်ရေးတင်းမာပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာတွေအထိရှိခဲ့ပါတယ်။

ကော်သူးလေတပ်မတော် (KTLA)ကို KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဦးဆောင်နေတာဖြစ်ပါတယ်။

ဗိုလ်ချုပ်စောနယ်ဒါးမြဟာ ဝေါ်လေအစုလိုက်အပြုံလိုက်လူသတ်မှုနဲ့ပတ်သက်လို့ KNUက စစ်ဦးစီးချုပ်တာဝန်က ရပ်ဆိုင်းခံခဲ့ရပြီးနောက် ကော်သူးလေတပ်မတော်ကို ဖွဲ့စည်းခဲ့တာပါ။

The Tanintharyi Times

The Tanintharyi Times