Move Forward ပါတီ ကိုဖျက်သိမ်းဖို့ သင့်၊ မသင့် ခုံရုံးတင်စစ်ဆေးမယ် လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်ဆို
Move Forward ပါတီ ကိုဖျက်သိမ်းဖို့ သင့်၊ မသင့် ခုံရုံးတင်စစ်ဆေးမယ် လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်ဆို
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံး အနိုင်ရခဲ့တဲ့ အတိုက်အခံပါတီ Move Forward ကို ဖျက်သိမ်းဖို့ သင့်၊ မသင့် ခုံရုံးတင်စစ်ဆေးသွားမယ် လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ မှာထုတ်ပြန်လိုက်ပါတယ်။
ထိုင်းဘုရင် နဲ့တော်ဝင်မိသားစုတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ကြိုးပမ်း တဲ့ Move Forward ပါတီ ရဲ့ မူဝါဒ နဲ့ မဲဆွယ်ကတိ တွေဟာ ဥပဒေကို ချိုးဖောက်ကြောင်း ထင်ရှားတာကြောင့် အခြေခံဥပဒေ ခုံရုံးမှာ စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကဆိုပါတယ်။
Move Forward ပါတီ ရဲ့ တော်ဝင်အသရေဖျက်မှု ဥပဒေ ကို ပြင်ဆင်မယ်ဆိုတဲ့ ရွေးကောက်ပွဲ မဲဆွယ်ကတိ နဲ့ မူဝါဒ ဟာ ဘုရင်စနစ်ကို ထိုင်းနိုင်ငံမှ ဖယ်ထုတ်မယ့် ရည်ရွယ်ချက်ကို ပြသရာရောက်တာကြောင့် အခြေခံ ဥပဒေ ကို ချိုးဖောက်တာ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ကပြောပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အားလုံးက ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးတင်ဖို့ တညီညွှတ်တည်း ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် က ဖော်ပြပါတယ်။
Move Forward ပါတီ အနေနဲ့ အခြေခံဥပဒေ ကို ချိုးဖောက်ကြောင်း ထင်ရှားပါက ပါတီဖျက်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ကဆုံးဖြတ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာပါ။
Move Forward ရဲ့ လုပ်ဆောင်ချက်တွေ ဟာ ထိုင်း ဘုရင်စနစ် နဲ့ ဒီမိုကရေစီ ပျက်ပြားစေမယ့် ခြေလှမ်း တွေ တွေ့နေရတာကြောင့် အခုလိုဆုံးဖြတ်တာဖြစ်တယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်ကဆိုပါတယ်။
Move Forward ပါတီ က ပြောရေးဆိုခွင့်ရှိသူ Parit Wacharasindhu ကတော့ “ ဘုရင်စနစ် နဲ့ ဒီမိုကရေစီ ကိုပျက်စီးစေမယ့် ရည်ရွယ်ချက်လုံးဝမရှိဘူး” လို့ ရိုက်တာ သတင်းဌာန ကိုပြောကြားခဲ့ပါတယ်။
“ ကျွန်တော်တို့ ဥပဒေကို လုံးဝ မချိုးဖောက်ထားကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးရှေ့မှောက် သက်သေပြသွားမှာပါ” လို့ သူကဆက်ပြောပါတယ်။
ခုံရုံးက Move Forward ပါတီ ကိုဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါက ပါတီခေါင်းဆောင်တွေ ဟာ နိုင်ငံရေး လုပ်ခွင့် ၁၀ နှစ်ပိတ်ပင်ခံရနိုင်တယ်လို့ ထိုင်း သတင်းမီဒီယာတွေကဆိုပါတယ်။
Move Forward ပါတီ ဟာ လူငယ်တွေ နဲ့ မြို့နေလူထုရဲ့ ထောက်ခံမဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ အပြတ် အသတ်နဲ့ အနိုင်ရရှိခဲ့ပြီး ပါတီခေါင်းဆောင် ဖိတာ လင်ဂျာရွန်ရတ် ဟာလည်း ဝန်ကြီးဖြစ်ဖို့ ရေပန်းစားခဲ့ ပါတယ်။
သို့သော်လည်း ရွေးကောက်ခံ အမတ်တွေ က မီဒီယာကုမ္ပဏီတွေမှာ ရှယ်ယာပိုင်ဆိုင်ခွင့် မရှိဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် ဖိတာ လွှတ်တော်အမတ်အဖြစ်ကဆိုင်းငံ့ခဲ့ရပြီး ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲ နဲ့ လွဲခဲ့ရတာဖြစ် ပါတယ်။
နောက်ပိုင်းမှာ ရွေးကောက်ပွဲ ကော်မရှင်က ဖိတာအနေနဲ့ ဥပဒေချိုးဖောက်တာ မရှိဘူးလို့ ပြန်လည် ဆုံးဖြတ်ခဲ့တာကြောင့် လွှတ်တော်အမတ်အဖြစ် ပြန်လည်ရပ်ခွင့် ရခဲ့သော်လည်း ပါတီဖျက်သိမ်းခံရမယ့် အခြေအနေတွေ နဲ့ ရင်ဆိုင်နေရပါတယ်။
Move Forward ပါတီ ခေါင်းဆောင်တွေတည်ထောင်ခဲ့တဲ့ Future Forward ပါတီကိုလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးရန်ပုံငွေ စည်းမျဉ်းတွေ ချိုးဖောက်တယ်လို့ စွပ်စွဲ ပြီး ထိုင်းရွေးကောက်ပွဲ ကော်မရှင် ၂၀၂၀ ခုနှစ်မှာ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
ကိုးကား – ရိုက်တာ ၊ ဘန်ကောက်ပို့စ်
(ယခု ဘာသာပြန် သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
