ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ် ခလရ ၂၈၅ က လက်နက်ကြီးနဲ့ပစ်၊ ၅ ဦးဒဏ်ရာရ

ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ် ခလရ ၂၈၅ က လက်နက်ကြီးနဲ့ပစ်၊ ၅ ဦးဒဏ်ရာရ

ပုလောမြို့နယ်က ကျောင်းနိမ့်ကျေးရွာကို ဒီကနေ့ မွန်းတည့်အချိန်လောက်မှာ စစ်ကောင်စီတပ် ခလရ ၂၈၅ တပ်ရင်းက လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

မွန်းတည့် ၁၂ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့ကင်းထောက် လာရောက်ကြည့်ရှုပြီးနောက်မှာ အခုလိုပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကျောင်းနိမ့်ရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် ၃ ဦးတို့ ထိခိုက်ခဲ့သလို ဒေသခံရွာသား ၂ ဦးလည်း ဒဏ်ရာအနည်းငယ်စီရရှိခဲ့တယ်လို့ သိရပါတယ်။

“ဗုံးသီးလာကျတာက တစ်ပြိုင်တည်း သုံးလုံးကျတာပါ။ အဲဒီနောက်ပိုင်းတော့ ပစ်ခတ်တာမရှိတော့ပါဘူး။ ဒဏ်ရာရတာကတော့ အနည်းအကျဥ်းပါပဲ။ စိုးရိမ်စရာမရှိပါဘူး” လို့မြိတ်ခရိုင်တပ်ရင်း (၁) ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ပုလောမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့နယ်ဖြစ်ပြီး အရင်ကလည်း အခုလိုတိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာမျိုး မကြာခဏပြုလုပ်ဖူးပါတယ်။

အခုလ ၁၀ ရက်နေ့မနက်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာက အသက်၈နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး ၇ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

The Tanintharyi Times