ပြည်ထောင်စုသမ္မတစောရနိုင်ငံတော်

ပြည်ထောင်စုသမ္မတစောရနိုင်ငံတော်

အောင်စာရင်းထွက်ပါပြီ။ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၈၀မှာ အဆင့်၁၆၈ ရပါတယ်။ကိုယ့်အောက်မှာ ၁၂ နိုင်ငံတောင် ရှိသေးတာပဲလို့ ကြံဖန်ဂုဏ်ယူမယ့်သူလည်း ရှိချင်ရှိမှာပါ။ စာမေးပွဲကတော့ သူခိုးဖမ်းပွဲပါပဲ။ နိုင်ငံ၁၈၀ကို ဘယ်သူတွေ ဘယ်အဆင့်ခိုးတယ်ဆိုတာကို စစ်တဲ့ Corruption Perceptions Index (CPI) စာမေးပွဲဖြစ်ပါတယ်။ စာမေးပွဲ မေးခွန်းထုတ်သူနဲ့ အောင်စာရင်းထုတ်ပြန်သူကတော့ Transparency International (TI) အဖွဲ့ကြီးပါပဲ။

ဒီနေ့ ဖေဖေါ်ဝါရီလ ၁၁၊ ၂၀၂၅မှာ ထုတ်ပြန်တဲ့ ၂၀၂၄ခုနှစ်အတွက် အောင်စာရင်းမှာတော့ ဘယ်တုန်းကမှ စာမေးပွဲမအာင်ခဲ့တဲ့မြန်မာဟာ နိုင်ငံ ၁၈၀စာရင်းမှာ ဂျိုးကပ်သွားခဲ့ပါပြီ။ ထိပ်ဆုံးကို ရောက်ချင်ရင်တော့ စာရင်းကိုပြောင်းပြန်သာ ထောင်ကြည့်ကြပါတော့။

Transparency International (TI) ဆိုတာကဂျာမဏီမှာ မှတ်ပုံတင်ထားတဲ့ အမြတ်အစွန်းမဖက် နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ဝန်ထမ်းဟောင်းတွေက နိုင်ငံတကာက ခြစားမှုတွေကို စောင့်ကြည့်တိုက်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၃ ခုနှစ်မှာ ထူထောင်ခဲ့ကြတာပါ။

TI က Global Corruption Barometer နဲ့ Corruption Perceptions Index (CPI) လို အစီရင်ခံစာတွေကို ပုံမှန်ထုတ်ပြန်ပါတယ်။ ၁၉၉၅မှာ Corruption Perceptions Index (CPI) ကို စတင်ခဲ့တာပါ။

ဘာကြောင့် မြန်မာ့အခြေအနေ ဒီလောက်ဆိုးနေလဲဆိုတာကတော့ အားလုံးသိပြီးသားလျှို့ဝှက်ချက်ကြီးပါ။ ခေတ်အဆက်ဆက် အရိုးထိအောင် လှိုက်စားလာနေခဲ့တဲ့အကျင့်ဆိုးဟာ ၂၀၂၁ အာဏာသိမ်းပြီးအချိန်မှာတော့ ဒီရေမြင့်သစ်တစ်ခုကို ရောက်ရှိသွားခဲ့ပါပြီ။

၂၀၂၁မှာ မြန်မာရဲ့အဆင့်က နိုင်ငံ ၁၈၀မှာ ၁၄၀ ဖြစ်ပါတယ်၊ ပေးမှတ် ၁၀၀မှာ ၂၈မှတ် ရခဲ့ပါတယ်။ တပ်မတော်ကြီး တိုင်းပြည်ကိုဦးဆောင်ပြီး တစ်နှစ်ပြည့်တဲ့ ၂၀၂၂ မှာတော့ အဆင့်က ၁၅၇/၁၈၀ ဖြစ်ပြီး ရမှတ်က ၂၃ကိုကျဆင်းခဲ့ပါတယ်။ တစ်နှစ်အတွင်း သိသိသာသာကျဆင်းခဲ့တာပါ။

၂၀၂၃ မှာတော့ အဆင့်က ၁၆၂/၁၈၀ဖြစ်ပြီး ရမှတ်ကတော့၂၀သာ ရရှိပါတော့တယ်။ အခု၂၀၂၄ရဲ့ အောင်စာရင်းမှာတော့ မြန်မာက ၁၆၈/၁၈၀ ဖြစ်သွားပြီး ရမှတ်ကတော့ ၁၆မှတ်အထိ ပြုတ်ကျသွားပါပြီ။ အမှတ်က ၂၀၂၃ နဲ့ နှိုင်းယှဉ်ရင် အနုတ် ၄ဖြစ်ပါတယ်။

မြန်မာပြည်သူတွေကို ပြောပြရင်တော့ ‘နည်းတောင်နည်းသေးတယ်၊ TI ကလူတွေ သေသေချာချာ မသိရှာကြလို့ပါ’လို့ ပြောကြမှာပါ။ ‘TI သာ သေသေချာချာသိရင် အမှတ်က ဘဲဉပဲ ရမှာ’လို့ ဆိုကြမှာပါ။

ဧည့်စာရင်းတိုင်တာကစလို့ ခရီးသွားလို့ စမတ်ကဒ်မပါတာနဲ့ စစ်မှုထမ်းစာရင်းမပါဖို့အုပ်ကြီးနဲ့ညှိရတာအထိ ‘ငဝက်’ နဲ့ဖြတ်သန်းရတဲ့အတွက် စောရနက္ခတ်အောင်တဲ့ မြန်မာပြည်လို့ဆိုရမှာပါ။ ‘မြန်မာ့ငထက်ပြား ကမ္ဘာကိုလွှမ်းစေရမည်’ လို့ ကြွေးကြော်ရပါလိမ့်မယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ဘင်ဂလားဒေ့ရှ်၊ ထိုင်း၊ လာအို အားလုံးထက် မြန်မာ့ငထက်ပြားက CPI စာရင်းမှာ ကျော်တက်ခဲ့ပြီ မဟုတ်ပါလား။

မြန်မာအောက်မှာတော့ တောင်ဆူဒန်ကနိုင်ငံ၁၈၀မှာ ဘိတ်ချီးဖြစ်ပြီး သူ့အထက်ကတော့ ဆိုမာလီယာပါ။ အသန့်ရှင်းဆုံးပထမဆုကိုနှစ်တွေနဲ့ချီပြီး ဆက်တိုက်ဗိုလ်စွဲနေသူကတော့ ဒိန်းမတ်ဖြစ်ပြီး အဆင့်နှစ်က ဖင်လန်နဲ့ အဆင့်၃က စင်ကာပူဖြစ်ပါတယ်။

အခု၂၀၂၄၊ CPI ရဲ့မှတ်သားစရာကတော့ နိုင်ငံတွေရဲ့ ၃ချိုး၂ချိုးဟာ အမှတ်၅၀အောက်မှာပဲရှိနေတာပါ။ (၁၆မှတ်ပဲရတဲ့ မြန်မာလည်းအပါအဝင်ဖြစ်တယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါ) နိုင်ငံပေါင်း ၁၈၀မှာ တိုးတက်လာတဲ့နိုင်ငံက ၃၂နိုင်ငံပဲရှိပြီး ပိုဆုတ်ယုတ်လာတာကတော့ ၄၇နိုင်ငံရှိပါတယ်။ အရင်အတိုင်း မပြောင်းမလဲရှိနေတာကတော့ ၁၀၁နိုင်ငံရှိပါတယ်။

TI အဖွဲ့ကြီးကတော့ လူသားတွေရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုနှစ်ခုဟာ တစ်ခုနဲ့တစ်ခု ဆက်နွယ် နေပါတယ်တဲ့။ ခြစားမှုနဲ့ ရာသီဉတုပြောင်းလဲလာမှုပြဿနာတို့ ဖြစ်ပါတယ်။ ဘီလျှံနဲ့ချီတဲ့ ကမ္ဘာသူကမ္ဘာသားတွေ ရာသီဉတုဖေါက်ပြန်မှုဒါဏ်ကို ခံစားနေကြရချိန်မှာ ခြစားမှုက အဲဒီပြဿနာကိုမီးလောင်ရာလေပင့်နေပါတယ်တဲ့။

ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတို့ကို ထိန်းညှိဖို့ မှန်ကန်တဲ့ယန္တရားတွေမရှိခြင်းက ရာသီဉတုနဲ့ ပက်သက်ပြီး သုံစွဲရမယ့် ရံပုံငွေတွေကိုပျောက်ဆုံးစေပါတယ်လို့ ဆိုပါတယ်။ ခြစားမှုက ရာသီဉတုနဲ့ ပတ်သက်တဲ့ ဉပဒေတွေကိုကျော်လွှားသွားတာတွေ၊ အရေးယူဆောင်ရွက်မှုတွေကို မထိရောက်စေတာတွေနဲ့ လူနည်းစု အကျိုးစီးပွားက အများပြည်သူတွေရဲ့အကျိုးပေါ်ကို လွှမ်းမိုးသွားတာတွေ ဖြစ်စေပါတယ်။

မြန်မာနိုင်ငံတည်ရှိတဲ့ အာရှ-ပစိဖိတ်ဒေသကခေါင်းဆောင်တွေဟာ ခြစားမှုကို ထိထိရောက်ရောက် မတိုက်ဖျက်ကြဘူးလို့ TIကဆိုပါတယ်။ TI အဖွဲ့ကြီးရဲ့ Global Corruption Barometer (2020) မှာ စစ်တမ်းဖြေဆိုသူ၂၀,၀၀၀ ရဲ့၇၄ရာခိုင်နှုန်းက ခြစားမှုဟာ သူတို့နိုင်ငံတွေရဲ့ ကြီးမားတဲ့ပြဿနာလို့ ဆိုကြပါတယ်။ ပြည်သူ့ဝန်ဆောင်မှု (Public Service) ကို အသုံးပြုရတဲ့လူ၅ဦးမှာ တစ်ဦးဟာ ပြီးခဲ့တဲ့ ၁၂လအတွင်း လာဘ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာအတွက်ကတော့ ခြစားမှုဟာ အုပ်ချုပ်သူတွေရဲ့ ဒီအင်အေထဲကိုတောင် ရောက်သွားပြီလို့ဆိုရမလားပါပဲ။

လာဘ်မတောင်းသူဟာ လူအ၊ ရိုးသားမှုဆိုတာပျော့ညံ့မှု၊ ကိုယ့်လစာနဲ့မသက်ဆိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းကို လူရှေ့သူရှေ့သုံးစွဲပြရဲတာဟာ ဂုဏ်သိက္ခာ၊ ကိုယ့်တာဝန်ကို ကိုယ်လုပ်တာကို ကျေးဇူးပြုပေးနေတာလို့ ထင်ကြတဲ့ သေနတ်ကိုင် အုပ်ချုပ်သူတွေရဲ့ အောက်မှာနိုင်ငံနဲ့ လူ့အဖွဲ့အစည်းဟာ စုတ်ပြတ်သွားခဲ့ရပါတယ်။

တစ်နေ့ ပြည်ထောင်စုကို ပြန်တည်ထောင်တဲ့အခါမှာ ဖြေရှင်းကြရမယ့်ပြဿနာကြီးတစ်ခုအဖြစ် ကြိုတင်တွေးတောထားကြရမှာပါ။ အရပ်ဖက်လူ့အဖွဲအစည်းတွေ ဖွံ့ဖြိုးခွင့်ရဖို့လိုသလို၊ သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကလည်းအလွန်အရေးကြီးမှာပါ။ တရားဉပဒေစိုးမိုးရေးနဲ့ ပညာရေးလိုကဏ္ဍတွေရဲ့ အရေးပါမှုကိုလည်း ဂရုပြုကြရပါမယ်။

လောလောဆယ် သူခိုးကို ဓါးရိုးကမ်းနေရတဲ့ အခြေအနေမှာတော့ နောင်နှစ် CPI အောင်စာရင်းထွက်လာတဲ့အခါ နိုင်ငံ၁၈၀မှာ အဆင့် ၁၈၀မဖြစ်ရင်တောင် ကံကောင်းလို့ဆိုရပါလိမ့်မယ်။

အမောင်

The Tanintharyi Times