ထားဝယ်-မြိတ်ကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းကုန်းဒရုန်းနဲ့တိုက်ခိုက်ခံရ
ထားဝယ်-မြိတ်ကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းကုန်းဒရုန်းနဲ့တိုက်ခိုက်ခံရ

ထားဝယ်-မြိတ်ကားလမ်းပေါ်သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာက စစ်ကောင်စီခန်းကုန်း ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရတယ်လို့ ဒေသခံနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မနေ့က ညနေ ၅ နာရီခွဲဝန်းကျင်လောက်မှာ ပဲဒက်ရွာ ဘုရားကုန်းက စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးငါးလုံးခန့် ကြဲချတိုက်ခိုက်ခဲ့တာပါ။
“စစ်သားနဲ့ပျူတွေညနေပိုင်း တန်းစီနေတဲ့အချိန်ချခံရတာ။ ဗုံးသီးကျပေါက်တဲ့အသံအရင်ကြားတယ်။ ပြီးမှပြန်ပစ်ထုတ်ကြတာ” လို့ဒေသခံ အမျိုးသားတဦးကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) တပ်ရင်းက တပ်မှူး ကိုမင်းထက်ကလည်း ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာမှန်ကန်တယ်လို့ တနင်္သာရီတိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။
“ဗုံးသီးကျတော့ အကုန်ခွေးပြေးဝက်ပြေးပြေးကြတယ်။ စစ်သားကတော့ နှစ်ယောက်အနည်းဆုံးသေတယ်ဗျ။ ကျန်တာတော့ စုံစမ်းနေဆဲပါပဲ” လို့ တပ်မှူးကို မင်းထက်ကပြောပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ အများအပြားပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် အရပ်သားနဲ့နေအိမ် ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့ စခန်းကုန်းဟာ ထားဝယ်မြိတ်ကားလမ်းပေါ်မှာရှိပြီး ခရီးသွားယာဥ်တွေကို တားဆီးစစ်ဆေးတာနဲ့ ငွေကြေးတောင်းခံတွေလုပ်ဆောင်နေတဲ့နေရာဖြစ်ပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မှာတော့ လမ်းသွားလမ်းလာယာဥ်တွေကို တနာရီခန့်အကြာ သွားလာခွင့်ပိတ်ထားပြီးမှ ပြန်လည်သွားခွင့်ပြုခဲ့တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
အဲဒီစစ်ကောင်စီစခန်းမှာ အရင်က စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၃၀ လောက်ပဲတပ်စွဲထားပေမဲ့ အခုရက်ပိုင်းမှာတော့ နောက်ထပ် စစ်ကောင်စီတပ်သား ၃၀ လောက်ထပ်တိုးရောက်ရှိလာတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၃ သြဂုတ်လနဲ့ ၂၀၂၂ဇင်ဘာလတွေမှာလည်း အဲဒီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လာရောက်တိုက်ခိုက်ခဲ့ဖူးပါတယ်။ ၂၀၂၂ ဒီဇင်ဘာလက တိုက်ခိုက်မှုမှာတော့ စခန်းကိုခဏအကြာသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ပြောပြချက်အရသိရပါတယ်။
The Tanintharyi Times