တနင်္သာရီမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရသူ နှစ်ရက်အတွင်း ၂ ဦးရှိပြီ

တနင်္သာရီမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရသူ နှစ်ရက်အတွင်း ၂ ဦးရှိပြီ

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရတဲ့ တနင်္သာရီမြို့နယ်က ဒေသခံအရေအတွက်ဟာ အခုလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ၂ ဦးရှိခဲ့ပါတယ်။

တစ်ဦးမှာ အနောက်မော်တုံးကျေးရွာအုပ်စု၊ မရင်းကြီးရွာနေ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တင်ပါးမှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာပဲ ဖြစ်ပါတယ်။

အခုလ ၁၀ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ ဘန်းလမွတ်ရွာအနီးမှာရှိတဲ့ အမြှောက်တပ် (၅၅၇) ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နေအိမ်တစ်ဆောင်ကို ထိမှန်ပျက်စီးစေခဲ့သလို ၎င်းအမျိုးသားကိုလည်း ကျည်စ ထိမှန်ခဲ့တာပဲ ဖြစ်ပါတယ်။

“သူက ည ၁၁ နာရီအပြင်ကနေ အိမ်ပြန်လာတုန်း လမ်းမှာထိတာ။ အဲရွာတွေက တကယ့်တောရွာလေးတွေ။ စစ်တပ်တွေလည်းမရှိတော့ ရွာသားတွေက အေးဆေးပဲ။ အဲချိန်တွေအပြင်ထွက်တဲ့သူ အနည်းအကျဥ်းရှိတယ် ” လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

ကျည်ထိမှန်သူ နောက်တစ်ဦးကတော့ သိန်း‌ဒေါကျေးရွာအုပ်စု ဘန်းပြည့်ရွာက အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး ဝမ်းဗိုက်မှာ လက်နက်ကြီး ကျည်စစင်ပြီး ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။

၁၁ ရက်နေ့ နေ့လည်က သိန္ဒောရွာမှာရှိတဲ့ စစ်ကောင်စီရှေ့တန်းစခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် စစင်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖြစ်စဥ်နှစ်ခုစလုံးဟာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့လကလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး တင်္နသာရီမြို့နယ်က အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးနဲ့ အသက်မပြည့်သေးတဲ့ ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။

The Tanintharyi Times