“ကျန်းမာရေးဆိုလည်း ခရီးစရိတ်မလောက်လို့ ဆေးရုံဆေးခန်းတွေ ပြရမဲ့ကိစ္စတွေမှာ မပြဖြစ်တော့တဲ့ case (ဖြစ်စဉ်) တွေလည်း အများကြီး ရှိတယ်။”

“ကျန်းမာရေးဆိုလည်း ခရီးစရိတ်မလောက်လို့ ဆေးရုံဆေးခန်းတွေ ပြရမဲ့ကိစ္စတွေမှာ မပြဖြစ်တော့တဲ့ case (ဖြစ်စဉ်) တွေလည်း အများကြီး ရှိတယ်။”

▪️ခရီးစရိတ်ဒဏ်နဲ့ တောင်ပိုင်းသားတို့အသံ

အခုကာလထဲမှာ တနင်္သာရီတိုင်းကနေ ရန်ကုန်ကို လေယာဥ်နဲ့ ခရီးသွားဖို့အတွက်ဆိုရင်အနည်းဆုံး ကျပ်သုံးသိန်းကုန်မှာပါ။ တိုင်းအတွင်းက လေဆိပ်တွေအလိုက် လက်မှတ်ခက သုံးသိန်းကနေ အများဆုံး ကျပ်ရှစ်သိန်းအထိ ဈေးပေါက်နေတာပါ။ လေကြောင်းလမ်းအပြင် ကားလမ်းခရီးကို ရွေးချယ်ဖို့အတွက်ကလည်း ရန်ကုန်-ကော့သောင်း ခရီးသည်တင်ကားအကြီး လက်မှတ်တစ်စောင်ဖိုးက ကျပ်ရှစ်သောင်းခွဲအထိ ဈေးပေါက်ပြီး ကားအသေးဆိုရင်တော့ ကျပ်နှစ်သိန်းလောက်အထိရှိပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းတွင်းက ပြည်ထောင်စုကားလမ်းတောက်လျှောက်မှာလည်း တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတာကြောင့် ကားလမ်းပိတ်တာတွေ မကြာခဏရှိနေလို့ ရေကြောင်းကနေ သွားလာနေရတာတွေလည်း ရှိနေပါတယ်။

အခုလိုမျိုး ခရီးစရိတ်တွေမြင့်တက်နေချိန်မှာ တနင်္သာရီတိုင်းက ဒေသခံတွေ ဘယ်လိုသွားလာနေကြသလဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနေကြပါသလဲ။ တနင်္သာရီတိုင်းမ်ရဲ့ တောင်ပိုင်းသားတို့အသံ ကဏ္ဍကနေ မေးမြန်းကာ ဖော်ပြလိုက်ပါတယ်။

▪️ကော့သောင်းမြို့ခံ အိမ်ရှင်မတစ်ဦး

မေး – အခုလိုမျိုး ခရီးစရိတ်တွေမြင့်တက်လာတဲ့ အပေါ် ဘယ်လိုမြင်လဲ။

ဖြေ – ခရီးစရိတ်တွေ မြင့်လာတာက စက်သုံးဆီဈေးတွေကြောင့်လို့ ထင်တယ်။ ပြီးတော့ ကားလမ်းပိုင်းမှာကျတော့ စစ်‌ဆေးရေးဂိတ်တွေပိုများလာတော့လမ်းကြေး‌သဘောမျိူး ပေးရတာတွေ ရှိလာတယ်။ ကားလက်မှတ်ဈေးတက်တာတော့ အကြောင်းမဟုတ်ပေမယ့် လေယာဉ်လက်မှတ်ဈေးက အများကြီးထိုးတက်နေတာကတော့ အဆင်မပြေပါဘူးရှင့်။ ငွေကြေးအဆင်ပြေတဲ့လူတွေအတွက်တော့ လေယာဉ်နဲ့ခရီးသွားဖို့ အဆင်ပြေပေမယ့် ငွေကြေးမတတ်နိုင်တဲ့လူတွေကျတော့ ကားလမ်းနဲ့ပဲ အဆင်ပြေသလို သွားနေကြရတယ်။

မေး – အခုလိုမျိုး လေကြောင်း၊ ကုန်းကြောင်း ခရီးစရိတ်တွေမြင့်တက်နေချိန် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် ခရီးသွားလာရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ။

ဖြေ – လေယာဉ်စရိတ်တက်တာကတော့ အဓိက ပြသာနာဖြစ်နေတယ်ရှင်။ ရန်ကုန်ကို ကျန်းမာရေးအတွက် ဆေးစစ်ဖို့သွားရင်တောင် လေယာဉ်လက်မှတ်ဈေးနဲ့တင် ငွေက တစ်ဝက်လောက်ထိ သွားပြီလေ။ ကားနဲ့သွားဖို့ကျတော့လည်း အသက်အန္တရာယ်ရှိသေးသလို သွားရတဲ့ ကြာချိန်ရက်တွေနဲ့ ကျတော့ ဘာမှမထူးပါဘူး။

မေး – ခရီးစရိတ်မြင့်တက်မှုတွေကြောင့် ကြုံနေရတဲ့ ခရီးသွားလာမှု အခက်အခဲတွေကို ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းနေကြလဲ။

ဖြေ – ခရီးစရိတ်တွေမြင့်တက်လာတော့ မလိုအပ်ဘဲ ဘယ်ခရီးမှမသွားဖြစ်ကြတာ များလာတယ်။ အရေးကြီးတဲ့ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေးကိစ္စနဲ့လွှဲပြီး ခရီးမသွားကြတဲ့လူများလာတယ်။ မဖြစ်မနေသွားရမယ်ဆိုလည်း ကိုယ်တတ်နိုင်ရာနဲ့ပဲ သွားကြရမှာပေါ့။

မေး – ခရီးစရိတ်မြင့်တက်မှုတွေက ကိုယ်တွေရဲ့ နေ့စဥ်ဘဝ၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးတွေအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေလဲ။

ဖြေ – လေယာဉ်‌ဈေးကလည်း အဆမတန်မြင့်တက် ကားလမ်းကျတော့လည်း လမ်းခရီးမှာ စိုးရိမ်ပူပန်မူတွေနဲ့ သွားနေရတော့ အခု ကျွန်မသမီးတောင် သင်တန်းပြီးလို့ ရန်ကုန်ကနေ ပြန်မဆင်းလာဘူး ဖြစ်နေတယ်။

မေး – ခရီးစရိတ်တွေ မြင့်တက်နေတဲ့ အပြင်မှာ ဒေသတွင်း တိုက်ပွဲအခြေအနေတွေကြောင့် ကားလမ်းနဲ့ လေကြောင်းထက် ရေလမ်းကိုပိုပြီး ရွေးချယ်သွားလာကြရတာလည်းရှိလာတယ်။ အဲ့ဒီလိုသွားလာရာမှာရော ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ – တိုက်ပွဲတွေ များလာတာတော့ အမှန်ပဲရှင့်။ ဒါကြောင့် လမ်းကားလုပ်ငန်းလုပ်တဲ့လူတွေမှာအဓိက ရိုက်ခတ်မူတွေ ရှိနေတယ်လေ။ ပြီးတော့ ရေလမ်းက အမြဲအသုံးပြုလို့ အဆင်မပြေပါဘူး။ တစ်နေ့တစ်နေ့ အသွားအပြန်လုပ်နေတဲ့ ခရီးသည်နဲ့ ကုန်‌ပစ္စည်းတွေက မနည်းဘူးလေ။ သတ်မှတ်ထားတဲ့အချိန် ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အခုလည်းရေလမ်းကို အသုံးပြုနေတာက အရေးပေါ်အခြေအနေတွေမှာပဲ အသုံးပြုနေကြတာပါ။ ကားလမ်းဖွင့်နေရင်တော့ ကားလမ်းပဲ အသုံးပြုကြမှာပါ။

▪️ပုလောဒေသခံ ခရီးသည်ကားယာဉ်မောင်းအမျိုးသား

မေး – အခုလိုမျိုး ခရီးစရိတ်တွေမြင့်တက်လာတဲ့ အပေါ် ဘယ်လိုမြင်လဲ။

ဖြေ – ခရီးစရိတ်မြင့်တက်လာတာက စက်သုံးဆီ စျေးမြင့်လာတာရယ်၊ လမ်းကြောင်းအခြေအနေအရ ဂိတ်တွေမှာ ပေးရတာများလာတာရယ်ကြောင့်လို့ မြင်တယ်။

မေး – အခုလိုမျိုး လေကြောင်း၊ ကုန်းကြောင်း ခရီးစရိတ်တွေမြင့်တက်နေချိန် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် ခရီးသွားလာရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ။

ဖြေ – အခုလို ခရီးစရိတ်တွေ မြင့်တက်လာတာကြောင့် ခရီးသွားလာမှုတွေ အရမ်းကို နည်းပါးလာတယ်။ မသွားမဖြစ်တဲ့ အခြေအနေမျိုးမှာပဲ သွားကြတော့တယ်။ ဉပမာ ကျန်းမာရေး၊ သေရေး ကိစ္စတွေလောက်ပဲ သွားကြတာ များတယ်။ ခရီးစရိတ်က အဆမတန်မြင့်တက် နေတာဆိုတော့ အပျော်ခရီးထွက်ဖို့အသာထား တချို့ချို့သော လူမှုရေးကိစ္စတွေကို ကိုယ်မပါမဖြစ် နေရာတွေလောက်ပဲ သွားကြတော့တယ်။

မေး – ခရီးစရိတ်မြင့်တက်မှုတွေကြောင့် ကြုံနေရတဲ့ ခရီးသွားလာမှု အခက်အခဲတွေကို ဘယ်လိုတွေ ရင်ဆိုင် ဖြေရှင်းနေကြလဲ။

ဖြေ – အများအားဖြင့် တော်ရုံကိစ္စလောက်ဆို မသွားကြတာမျိုးပေါ့။ ရှောင်လွဲလို့မရတော့တဲ့ အခြေအနေမျိုးမှာလောက်ပဲ သွားကြတော့တယ်။ အဲ့လိုပဲ ဖြေရှင်းလိုက်တယ်။

မေး – ခရီးစရိတ်မြင့်တက်မှုတွေက ကိုယ်တွေရဲ့ နေ့စဥ်ဘဝ၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးတွေအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေလဲ။

ဖြေ – အများကြီး သက်ရောက်မှုရှိတယ်။ လူမှုရေး ကိစ္စတွေမှာ သာရေးကို ခဏထားလိုက်ဦး။ နာရေးတောင် မလွဲမနေမလို့ သွားရတာ။ စီးပွားရေးကိစ္စတွေဆိုလည်း အများကြီး နှောင့်နှေးတယ်ဗျ။ ဘာလို့လဲဆိုတော့ ဒီခရီးကို ကိုယ်သွားလိုက်လို့ ရမဲ့အမြတ်နဲ့ ခရီးစရိတ်နဲ့ က သိပ်မကာမိချင်ဘူးလေ။ ကျန်းမာရေးဆိုလည်း ခရီးစရိတ်မလောက်လို့ ဆေးရုံဆေးခန်းတွေ ပြရမဲ့ကိစ္စတွေမှာ မပြဖြစ်တော့တဲ့ case (ဖြစ်စဉ်) တွေလည်း အများကြီး ရှိတယ်။

မေး – ခရီးစရိတ်တွေ မြင့်တက်နေတဲ့ အပြင်မှာ ဒေသတွင်း တိုက်ပွဲအခြေအနေတွေကြောင့် ကားလမ်းနဲ့ လေကြောင်းထက် ရေလမ်းကိုပိုပြီး ရွေးချယ်သွားလာကြရတာလည်း ရှိလာတယ်။ အဲ့ဒီလိုသွားလာရာမှာရော ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ – အခုလို စရိတ်တွေမြင့်တက်နေတဲ့အချိန်မှာတောင် လေကြောင်းထက် ကားလမ်းက သွားရတာက အများကြီး စရိတ်သက်သာတယ်။ ဒါပေမဲ့ လမ်းကြောင်းမှာ စစ်ဆေးမေးမြန်းတာတွေ ဂိတ်တွေမှာ ပေးရတာတွေ ခရီးလမ်းပိုင်းမှာ တိုက်ပွဲ ဖြစ်နေလို့ ခရီးမရောက်ဘဲ နားလိုက်ရတာတွေ အဲ့တာတွေက ပြန်တွက်ရင် စရိတ်က နှစ်ဆလောက်ကို ဖြစ်သွားရော။ နောက်ပြီး ကားနဲ့သွားရင် ငါတို့ကားပဲ မိုင်းဆွဲခံထိမလား။ ချောင်းပဲ ပစ်ခံထိမလား ဒီလို အတွေးတွေကြောင့်လည်း လေကြောင်းက စရိတ်ကြီးတာမှန်ပေမဲ့ အဖက်အဖက်က တွေးရင် အများကြီး ပိုလုံခြုံမှု ရှိတယ်လို့ ခံစားရတယ်။ ဒါကြောင့် လေကြောင်းကို ရွေးချယ်ကြတာများတယ်။ အခုလို အခြေအနေတခုမှာပေါ့နော် ရေလမ်းကြောင်းမရွေးတာ အကောင်းဆုံးပဲ။ သဘာဝ အန္တရာယ်လည်း ရှိသလို စကစ ရေတပ်တွေက ပင်လယ်မှာ အများဆုံးရှိနေတတ်တယ်လေ။ ဘာကြောင့်လဲဆို ရွာခံတွေကိုပဲ တချို့ချို့သော ရွာတွေမှာပေါ့နော် တံငါနဲ့ အသက်မွေးနေတဲ့ ရွာခံတွေကိုပဲ ငါးဖမ်းမထွက်ခိုင်းတာ ထွက်လို့ မိရင် ဘာလုပ်ညာလုပ်မယ် ခြိမ်းခြောက်ထားတာရှိတယ်။ ဒါကြောင့် ရေလမ်းက ခရီးမသွားတာ အကောင်းဆုံးပါ။

မေး – ဖြည့်ပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ – အခုချိန်မှာပေါ့နော်၊ ဘယ်လိုပြောကြလဲဆိုတော့ စကစနဲ့ တလရ(တော်လှန်ရေး) တပ်တွေကြား စစ်ရေးအရ တင်းမာနေတဲ့အချိန် ဖြစ်တဲ့အတွက်ကြောင့် အကြောင်းတစုံတရာ မရှိရင် ခရီးသွားလာဖို့ မသင့်ဘူး။ ရှိခဲ့ရင်လည်းအရမ်းကို အရေးကြီးတဲ့ အခြေအနေမျိုးမှပဲသွားလာကြပေါ့။ သွားတဲ့ အချိန်ဆိုလည်း ကိုယ်သွားမဲ့ခရီးကို သေချာစုံစမ်းပြီးမှ သွားသင့်တယ်။

▪️ ထားဝယ်မြို့ခံ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦး

မေး – အခုလိုမျိုး ခရီးစရိတ်တွေမြင့်တက်လာတဲ့ အပေါ် ဘယ်လိုမြင်လဲ။

ဖြေ – စျေးက အဆမတန်ဖြစ်နေတာ ပေါ့နော်။ ဒါပေမဲ့ မဖြစ်မနေသွားမှရမယ့်ခရီးစဥ်တွေမှပဲ ရွေးချယ်စရာမရှိလို့ သွားရမှာပေါ့။ ခရီးစဥ်တွေလျော့ သွားတာပေါ့။ ကျန်းမာရေးကိစ္စတွေ အလုပ်ကိစ္စတွေမှပဲ သွားနိုင်‌တော့မှာပေါ့။

မေး – အခုလိုမျိုး လေကြောင်း၊ ကုန်းကြောင်း ခရီးစရိတ်တွေမြင့်တက်နေချိန် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် ခရီးသွားလာရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ။

ဖြေ – ပိုက်ဆံမရှိတဲ့သူတွေကတော့ အများကြီးအခက်အခဲကြုံတာပေါ့။ ကျန်းမာရေးကိစ္စတို့လို့ မဖြစ်မနေသွားရမယ်ဆိုရင် ချေးငှားပြီးသွားနေရတာပေါ့။ အသိမိတ်ဆွေတွေ ဆွေမျိုးတွေမှာ ချေးငှားသွားရတာပေါ့။

မေး – ခရီးစရိတ်မြင့်တက်မှုတွေကြောင့် ကြုံနေရတဲ့ ခရီးသွားလာမှု အခက်အခဲတွေကို ဘယ်လိုတွေ ရင်ဆိုင် ဖြေရှင်းနေကြလဲ။

ဖြေ – ဖြေရှင်းတာကတော့ လူမှုရေးကိစ္စတွေဆိုရင် ရှောင်ပစ်လိုက်တာမျိုးပေါ့။ ပြီးတော့ အရင်က လေယာဥ်နဲ့ သွားနေကျဆိုရင်တောင် ကားလမ်းကိုပဲ ရွေးလိုက်တာပေါ့။ အန္တရာယ်များတယ် မသွားရဲဘူးဆိုပေမဲ့ပေါ့‌နော်။

မေး – ခရီးစရိတ်မြင့်တက်မှုတွေက ကိုယ်တွေရဲ့ နေ့စဥ်ဘဝ၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးတွေအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေလဲ။

ဖြေ – အကျိုးသက်ရောက်မှုကတော့ ဘုရားဖူးသွားတာတွေ နည်းလာမှာပေါ့။ ကျန်းမာရေးကိစ္စဆိုလည်း အရင်က ရန်ကုန်မှာပြနေကျဆိုပေမဲ့ ထားဝယ်မှာရှိတဲ့ ဆရာဝန်တွေနဲ့ပဲ အဆင်ပြေသလို ပြလိုက်ရတာပေါ့။ အဲဒီလို သက်ရောက်မှုတွေ ရှိမှာပေါ့။ လူမှုရေးကိစ္စဆိုလည်း တောင်းပန်ပြီး မလာနိုင်ကြောင်းပြောရတာပေါ့။

မေး – ခရီးစရိတ်တွေ မြင့်တက်နေတဲ့ အပြင်မှာ ဒေသတွင်း တိုက်ပွဲအခြေအနေတွေကြောင့် ကားလမ်းနဲ့ လေကြောင်းထက် ရေလမ်းကိုပိုပြီး ရွေးချယ်သွားလာကြရတာလည်းရှိလာတယ်။ အဲ့ဒီလိုသွားလာရာမှာရော ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ – ရေလမ်းခရီးသွားလေ့ မရှိပါဘူး။

The Tanintharyi Times