ဟိုတယ်ထားဝယ်ပိုင်ရှင်ကို မူးယစ်ဆေးဝါးအမှုနဲ့ဖမ်းဆီးချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်မိသားစု ပိုင်ဆိုင်မှုတွေကိုပါ လက်ပူးလက်ကြပ်မိ
ဟိုတယ်ထားဝယ်ပိုင်ရှင်ကို မူးယစ်ဆေးဝါးအမှုနဲ့ဖမ်းဆီးချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်မိသားစု ပိုင်ဆိုင်မှုတွေကိုပါ လက်ပူးလက်ကြပ်မိ
ဟိုတယ်ထားဝယ်ရဲ့ပိုင်ရှင်ဖြစ်တဲ့ မြန်မာခရိုနီ စစ်လက်နက်ပွဲစား ဦးထွန်းမင်းလတ်ကို မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှုနဲ့ စီးနင်းဖမ်းဆီးရာမှာစစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကတွေ့ရှိခဲ့တယ်လို့ Justice for Myanmar အဖွဲ့ကထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးအမှုနဲ့ဖမ်းချိန်မှာ စစ်ခေါင်းဆောင်ရဲ့သား ဦးအောင်ပြည့်စုံပိုင်ဆိုင်တဲ့ တန်ဖိုးကြီးဇိမ်ခံကွန်ဒိုခန်းတစ်ခန်းရဲ့ပိုင်ဆိုင်မှုအထောက်အထားတွေနဲ့ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်ရဲ့ ဘဏ်စာအုပ်တွေ ဦးထွန်းမင်းလတ်ရဲ့လက်ထဲမှာရှိနေခဲ့တယ်လို့ JFM က ဆိုပါတယ်။
စစ်ခေါင်းဆောင်ရဲ့သားနဲ့သမီးဟာ ဦးထွန်းမင်းလတ်ကို စွဲဆိုထားတဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်တဲ့အထောက်အထားတွေရှိနေပေမယ့် ထိုင်းရဲတပ်ဖွဲ့က တိုးချဲ့ပြီးစုံစမ်းစစ်ဆေးတာတွေကိုမလုပ်သေးဘူးလို့ JFM က ထုတ်ပြန်ပါတယ်။
ဟိုတယ်ထားဝယ်ရဲ့ပိုင်ရှင်ဖြစ်တဲ့ ဦးထွန်းမင်းလတ်ကို မူးယစ်ဆေးဝါး၊ ငွေကြေးခဝါချမှုတွေနဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်းသိမ်းယူခဲ့ပါတယ်။
သူ့ရဲ့ပိုင်ဆိုင်မှုတွေကို စစ်ဆေးရာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် သားသမီးတွေရဲ့ပိုင်ဆိုင်မှုတွေကို တွေ့ရှိခဲ့တာပါ။
ဦးအောင်ပြည်စုံဟာ ဘန်ကောက်မြို့က Belle Grand Rama 9 ကွန်ဒိုရှီ ဇိန်ခံကွန်ဒိုအခန်းကို ၂၀၁၇ ခုနှစ်ကဝယ်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်က ဖခင်ဖြစ်သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အချိန်ဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ဒေါ်ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Siam Commercial Bank ငွေစုစာအုပ်နှစ်အုပ်ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး အဲဒီဘဏ်အကောင့်တွေကို ဆက်လက်အသုံးပြုနိုင်ခြင်း ရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ JFM က ဆိုပါတယိ။
လက်ရှိထွက်ပေါ်လာတဲ့ အထောက်အထားတွေဟာ ဦးထွန်းမင်းလတ်အပေါ် ရာဇ၀တ်ကြောင်းအရ စွဲဆိုထားတဲ့ကိစ္စနဲ့ စစ်ခေါင်းဆောင်ရဲ့မိသားစုအကြား ဆက်နွှယ်နေတာတွေအတွက် အရေးပါပြီး သိမ်းဆည်းရမိတဲ့ပိုင်ဆိုင်မှုတွေအတွက် ငွေတွေဘယ်ကရလဲဆိုတာအပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ Justice for Myanmar က ထောက်ပြထားပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး ဦးအောင်ပြည့်စုံနဲ့ ဒေါ်ခင်သီရိသက်မွန်တို့ကို စုံစမ်းစစ်ဆေးဖို့၊ စစ်အုပ်စုအဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ အားပေးပံ့ပိုးနေကြတဲ့ ထောက်တိုင်တွေက ထိုင်းဘဏ်တွေကို အသုံးပြုနေတာနဲ့ ထိုင်းနိုင်ငံမှာ ပိုင်ဆိုင်မှုတွေ ဝယ်ယူတာကို ပိတ်ပင်တားဆီးဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။
The Tanintharyi Times
