AA ထိန်းချုပ်ထားတဲ့ မြို့တွေမှာ စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြော
AA ထိန်းချုပ်ထားတဲ့ မြို့တွေမှာ စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြော
အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့တွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပခွင့်ရှိမှာ မဟုတ်ဘူးလို့ AA ပြောခွင့်ရ ဦးခိုင်သုခကပြောပါတယ်။
စစ်အုပ်စု ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ ရခိုင်ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့လည်း AA ပြောခွင့်ရ ဦးခိုင်သုခကပြောပါတယ်။
အာရက္ခတပ်တော် AA က ဒီနေ့ ဩဂုတ်လ ၁၁ ရက်နေ့မှာကျင်းပတဲ့ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
“ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုကို အခြေပြုပြီး လုပ်ရတာဖြစ်ပါတယ်။ ပြည်သူလူထုထောက်ခံမှုမရှိတဲ့ ရွေးကောက်ပွဲဟာ ပြည်သူအတွက် အကျိုးမဖြစ်နိုင်သလို ပြည်သူတွေအတွက် ရှုပ်ထွေးမှုကိုသာ ပိုဖြစ်စေဖို့လို့ မြင်ပါတယ်” လို့ပြောပါတယ်။
စစ်ကောင်စီထိန်းထားတဲ့ချုပ်မြို့တွေမှာ ရွေးကောက်ပွဲကျင်းပလို့ ရနိုင်သော်လည်း အာရက္ခတပ်တော် AA ထိန်းချုပ် နယ်မြေတွေမှာတော့ ရွေးကောက်ပွဲကျင်းပခွင့် ပေးမှာမဟုတ်ဘူးလို့ ဦးခိုင်သုခကဆိုပါတယ်။
“ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်မှာ ဗမာအစိုးရအဆက်ဆက် လုပ်ခဲ့ကြတဲ့ ရွေးကောက်ပွဲတွေဟာ ရခိုင်ပြည်သူတွေကို တစ်စုံတစ်ရာ အကျိုးပြုခဲ့ကြတာမရှိဘူး။ ရခိုင်ပြည်သူတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲကို တစ်ယောက်လည်း စိတ်မဝင်စားဆိုတာ သေချာပါတယ်” လို့သူကပြောပါတယ်။
အလားတူပဲ ရှမ်းပြည်မြောက်ပိုင်းမှာ တရုတ်အစိုးရ ဖိအားကြောင့် AA ပါဝင်တဲ့ ညီနောင်မဟာမိတ်တွေ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းယူထားတဲ့ မြို့တွေ စစ်အုပ်စုကို ပြန်ပေးရတာ ရှိနေပေမဲ့ AA အနေနဲ့ ရခိုင်ပြည်အတွင်းက သိမ်းယူထားတဲ့ နယ်မြေတွေကို ပြန်ပေးဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ လည်းပြောပါတယ်။
“ဟိုဘက် (ရှမ်းမြောက်) မှာ ပြန်ပေးလိုက်တိုင်း ဒီဘက် (ရခိုင်) မှာ ပြန်ပေးမလားဆိုတဲ့အတွေးမျိုးတွေကတော့ အားလုံးထပ်တူကျမှာ မဟုတ်ပါဘူး၊ ဥပမာ ကျနော်တို့ ညီနောင်မဟာမိတ် အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ကြားမှာ မတူညီတဲ့ နောက်ခံအခြေအနေတချို့ ရှိပါတယ်” လို့ ဦးခိုင်သုခကပြောပါတယ်။
စစ်အုပ်စု အခုနှစ်ဒီဇင်ဘာလ မှာ ရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး အာဏာသိမ်းစစ်ကောင်စီ ကို စစ်ကော်မရှင်အဖြစ်ပြန်လည်ဖွဲ့စည်း ထားပါတယ်။
အလားတူပဲ ရခိုင်ပြည်နယ်အတွင်းက AA သိမ်းပိုက်ထားတဲ့ မြို့တွေကိုလည်း အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
The Tanintharyi Times
