ဂျပန်အောက်လွှတ်တော်အမတ်နဲ့ အဖွဲ့ စစ်ကောင်စီဥက္ကဋ္ဌကို လာတွေ့
ဂျပန်အောက်လွှတ်တော်အမတ်နဲ့ အဖွဲ့ စစ်ကောင်စီဥက္ကဋ္ဌကို လာတွေ့
ဂျပန်အောက်လွှတ်တော်အမတ် မစ္စတာ ဟီရိုမီချီ ဝါတာနာဘေး ဦးဆောင်တဲ့ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နေ့လယ် ၂ နာရီမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လာရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
သူနဲ့အတူ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ ဖူမီအို အူဆူအီနဲ့ အသင်းဝင်အချို့အပြင် ဂျပန်ကုမ္ပဏီ သုံးခုက ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေလည်း နေပြည်တော်ကို လိုက်ပါလာတယ်လို့ ခရီးစဉ်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
မစ္စတာ ဟီရိုမီချီ ဝါတာနာဘေးဟာ ၂၀၁၁ ခုနှစ်က ဂျပန်မှာ ပြင်းထန်တဲ့ ငလျင်ကြီးနဲ့ ဆူနာမီ ဘေးအန္တရယ်တို့ ကြုံတွေ့ပြီးတဲ့နောက် တည်ထောင်ခဲ့တဲ့ ပြည်လည်ထူထောင်ရေး ဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် ၂၀၁၈ ကနေ ၂၀၁၉ ခုနှစ်အထိ တစ်နှစ်ခန့် တာဝန်ယူခဲ့ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။
ယခင် NLD အစိုးရလက်ထက် ဟိုတယ်ခရီးဝန်ကြီး ဦးအုန်းမောင်နဲ့ အဖွဲ့တွေ ဂျပန်နိုင်ငံကို ၂၀၁၉ ခုနှစ်အတွင်း သွားရောက်စဉ်မှာ မစ္စတာ ဟီရိုမီချီ ဝါတာနာဘေးနဲ့ ဂျပန်လွှတ်တော် အဆောက်အအုံမှာ တွေ့ဆုံခဲ့ဖူးကြောင်း အဲဒီအချိန်က သတင်းဖော်ပြမှုတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌနဲ့ လာတွေ့တဲ့ ဂျပန်အမတ်ဟာ လက်ရှိအချိန်မှာတော့ ရာပေါင်းများစွာသော ဂျပန်အမတ်တွေထဲက တစ်ဦးသာဖြစ်ပြီး ထူးထူးခြားခြား အခွင့်အာဏာ မရှိသလို သူ့ရဲ့ ခရီးစဉ်ဟာ ဂျပန်အစိုးရနဲ့ မသက်ဆိုင်ဘူးလို့ နီးစပ်သူတွေထံက သိရပါတယ်။
မစ္စတာ ဟီရိုမီချီ ဝါတာနာဘေးဟာ မကြာသေးခင်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးနဲ့ လက်ရှိ ဂျပန်အာဏာရ အစိုးရတို့ရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက အမတ်တစ်ဦး ဖြစ်ပါတယ်။
မကြာသေးခင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာနိုင်ငံကို လာရောက်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီကို အသိအမှတ်မပြုတဲ့ ဂျပန်နိုင်ငံက ကိုယ်စားလှယ်အဖွဲ့ ရောက်လာတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – ဂျပန်တိုင်းမ်၊ တိုကျိုမြို့ မြန်မာသံရုံးမှာ ၂၀၁၉ ခုနှစ်က ကျင်းပတဲ့ ၇၁ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ မစ္စတာ ဟီရိုမီချီ ဝါတာနာဘေးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ဦးသူရိန်သန့်ဇင်တို့ကို တွေ့ရစဉ်။
The Tanintharyi Times
