ပေါင်က ပျူစောထီးတွေရဲ့ လက်နက်တွေကို PDF သိမ်းဆည်း

ပေါင်က ပျူစောထီးတွေရဲ့ လက်နက်တွေကို PDF သိမ်းဆည်း

ပုံစာ - သိမ်းဆည်းခဲ့တဲ့လက်နက်တွေ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာရှိတဲ့ ပျူစောထီးအိမ်တွေကို ဝင်ရောက်စီးနင်းပြီး လက်နက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းခဲ့တယ်လို့ တပင်ရွှေထီးစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။

ပေါင်မြို့နယ်၊ ထန်းလေးရွာဗမာစုက စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးခေါင်း‌ဆောင်ဆီမှာ လက်နက်တွေရှိနေကြောင်း သတင်းရတာကြောင့် အခုလ ၉ ရက်နေ့ ညနေပိုင်းမှာ သထုံခရိုင်၊ အမှတ် (၂) KNLAနဲ့ PDF ပူးပေါင်းတပ်ရင်းက UG ရဲဘော်တွေက ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။

ဝင်ရောက်စီးနင်းချိန် ပျူစောထီး ခေါင်းဆောင် ဦးရွှေမြရဲ့ နေအိမ်ကနေ ရိုင်ဖယ်သေနတ် ၃ လက်နဲ့ BA52 စတင်းဂန်း ၁ လက်၊ ကျည်အိမ် ၆ ခုနဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဆက်လက်ပြီး ဖော်ထုတ်စစ်ဆေးရာမှာ နောက်ထပ် ပျူစောထီးအဖွဲ့ဝင် ၂ ဦးရဲ့နေအိမ်ကနေ ရိုင်ဖယ် ၁ လက်စီနဲ့ ကျည်အိမ် ၂ ခု ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးတွေဘက်က ပြန်လည်ခုခံတာမျိုးမလုပ်နိုင်ဘဲ အသာတကြည်လက်နက်ချခဲ့ကြတာကြောင့် ပျူစောထီးတွေရဲ့ အသက်အန္တရာယ် တစ်စုံတစ်ရာအရေးယူမှု မလုပ်ဘဲ သတိပေးတာမျိုးသာ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

The Tanintharyi Times