ရှင်ဇိုအာဘေး လုပ်ကြံခံရပြီး ကျင်းပတဲ့ ရွေးကောက်ပွဲ ဂျပန်အာဏာရ ညွန့်ပေါင်းအုပ်စု အောင်ပွဲခံ၊ အခြေခံဥပဒေပြင်ဖို့ လိုအပ်တဲ့ ပမာဏထက် ကျော်လွန်ရရှိ
ရှင်ဇိုအာဘေး လုပ်ကြံခံရပြီး ကျင်းပတဲ့ ရွေးကောက်ပွဲ ဂျပန်အာဏာရ ညွန့်ပေါင်းအုပ်စု အောင်ပွဲခံ၊ အခြေခံဥပဒေပြင်ဖို့ လိုအပ်တဲ့ ပမာဏထက် ကျော်လွန်ရရှိ

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရပြီး နှစ်ရက်အကြာမှာ ကျင်းပတဲ့ ဂျပန်နိုင်ငံ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ အာဏာရ LDP ပါတီနဲ့ မဟာမိတ်ပါတီတွေရဲ့ ညွန့်ပေါင်းအုပ်စုဟာ အပြတ်အသတ် အနိုင်ရခဲ့ပြီး ဂျပန်အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တဲ့ အမတ်အရေအတွက် သုံးပုံနှစ်ပုံထက် ကျော်လွန် ရရှိခဲ့ပါတယ်။
LDP ပါတီနဲ့ ညွန့်ပေါင်းအုပ်စုတွေရဲ့ အခုလို အနိုင်ရမှုဟာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကာလကြာရှည် ရည်မှန်းခဲ့တဲ့ ဂျပန်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုတွေကို ပြန်လည် အသက်သွင်းပေးနိုင်တော့မှာပါ။
အခြေခံဥပဒေ ပြင်ဆင်ရေး လိုလားတဲ့ LDP၊ ကိုမေတို၊ Innovation ပါတီနဲ့ ပြည်သူ့ဒီမိုကရက်တစ်ပါတီ စုစုပေါင်းရဲ့ အမတ်အရေအတွက်ဟာ ၁၇၉ ဦးအထိ ရှိလာပြီး ဒါဟာ အထက်လွှတ်တော်မှာ အခြေခံဥပဒေပြင်ဖို့ လိုအပ်တဲ့ အမတ်သုံးပုံနှစ်ပုံ အရေအတွက်ဖြစ်တဲ့ ၁၆၆ ဦးထက် သာလွန်နေတာ ဖြစ်ပါတယ်။
ရှင်ဇိုအာဘေးကို ထောက်ခံသူဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ် ကီရှီဒါက ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်က ရေးဆွဲပေးထားတဲ့ ဂျပန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆက်လုပ်သွားမယ်လို့ တနင်္ဂနွေနေ့ ညနေမှာ ပြောခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ်အဖြစ် ကိုးနှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှင်ဇိုအာဘေးဟာ ပုံမှန်စစ်တပ်တစ်ခု ဖွဲ့စည်းရေး တားမြစ်ထားတဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အားထုတ် ကြိုးပမ်းခဲ့ပြီး ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ် (SDF) ကို နိုင်ငံတကာ စစ်တပ်တွေလို အသွင်ပြောင်းချင်ခဲ့တာပါ။
အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေ လွှတ်တော်တွင်းမှာ အရှိန်မြှင့်သွားမယ်လို့ ကီရှီဒါက ပြောကြားပြီး ကိုဗစ်-၁၉ ကပ်ရောဂါ၊ ယူကရိန်းစစ်ပွဲနဲ့ ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့က ဦးစားပေး ဖြစ်တယ်လို့ ဆိုပါတယ်။
အထက်လွှတ်တော် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၁၂၅ ရှိတဲ့အနက် ရှင်ဇိုအာဘေးရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP က ၆၃ နေရာ အနိုင်ရခဲ့ပြီး ဒါဟာ လစ်လပ်နေရာ စုစုပေါင်းရဲ့ ထက်ဝက်ကျော် ဖြစ်ပါတယ်။
အာဏာရ LDP ရဲ့ မဟာမိတ်ဖြစ်တဲ့ ကိုမေတိုပါတီက ၁၃ နေရာ အနိုင်ရခဲ့ပြီး နှစ်ပါတီပေါင်း ၇၆ နေရာ အနိုင်ခဲ့ကာ မူလရှိပြီး အမတ်အရေအတွက် ၇၀ နဲ့ပေါင်းရင် ၁၄၆ နေရာအထိ ရရှိလာတာဖြစ်လို့ စုစုပေါင်း အမတ် ၂၄၈ ဦးရှိတဲ့ အထက်လွှတ်တော်မှာ ထက်ဝက်ကျော်နဲ့ အများစုအနိုင်ရ အစုအဖွဲ့ ဖြစ်လာပါတယ်။
တနင်္ဂနွေနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အမျိုးသားရေးဝါဒီတွေဖြစ်တဲ့ Japan Innovation ပါတီ ကလည်း ၁၂ နေရာ အနိုင်ရခဲ့ပြီး သူတို့ မူလရှိထားတဲ့ အမတ်အရေအတွက် ၆ ဦးနဲ့ ယှဉ်ရင် သိသိသာသာ တိုးမြင့် အနိုင်ရတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံရေးမှာ ဩဇာကြီးမားသူဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကူညီမဲဆွယ်ပေးနေစဉ် သောကြာနေ့က နာရာမြို့မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ဈာပနကိုတော့ ဇူလိုင်လ ၁၂ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ကိုးကား – Japantimes
The Tanintharyi Times