ပုလောက စစ်တပ်ဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၃ဦးထက်မနည်းထိခိုက်ဒဏ်ရာရ
ပုလောက စစ်တပ်ဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၃ဦးထက်မနည်းထိခိုက်ဒဏ်ရာရ
ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပုလောPDFအဖွဲ့ထံကနေ သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက် ဇူလိုင် ၉ရက်နေ့ ည၇နာရီအချိန်ခန့်မှာ တစ်ကြိမ်နဲ့ မနေ့ကမနက် ၅နာရီမှာတစ်ကြိမ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်တိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်စီဖြစ်ပွါးခဲ့ပါတယ်။
“ပစ်တာတော့ ကျနော်တို့ဘက်ကသွားပစ်တာပါ။ သူတို့ဘက်က ထိခိုက်တဲ့အထဲမှာ ၂ဦးကတော့စိုးရိမ်ရတဲ့အနေအထားပဲ” လို့ပုလောPDFရဲ့တာဝန်ရှိသူက ပြောပါတယ်။
သွားရောက်တိုက်ခိုက်ခဲ့တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဘက်ကတော့ ၁ဦး ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ သူကဆိုပါတယ်။
စစ်ကောင်စီရဲ့ပုလောအခြေစိုက် ခလရ ၂၈၅တပ်ရင်းကလည်း အဆိုပါတိုက်ပွဲအချိန်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့်နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံအရေအတွက်ဟာ အခုလက်ရှိမှာ ၄၀၀၀ ဝန်းကျင်အထိရှိနေတယ်လို့လည်း သိရပါတယ်။
မနေ့ည ၇နာရီ ၄၀မိနစ်ဝန်းကျင်အချိန်ကလည်း ပုလောမြို့နယ်၊ တပိုကျေးရွာအနီး စစ်ကားသုံးစီးပါယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
The Tanintharyi Times
