စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ထားဝယ်ခရိုင်က နေအိမ်နှစ်ဆယ်နီးပါး ပျက်စီး

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ထားဝယ်ခရိုင်က နေအိမ်နှစ်ဆယ်နီးပါး ပျက်စီး

ပုံစာ - မတ်လ ၇ ရက်နေ့က ထားဝယ်မြို့နယ်၊ တောင်သုံးလုံးရွာကနေအိမ်တွေမီးလောင်နေတာကို အဝေးကတွေ့ရစဉ်။(ဓာတ်ပုံ-ပေးပို့)

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အခုရက်ပိုင်းအတွင်း ထားဝယ်ခရိုင်က နေအိမ်နှစ်ဆယ်နီးပါးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလ ၇ ရက်နေ့ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ထားဝယ်မြို့နယ်၊ တောင်သုံးလုံးရွာက နေအိမ်ခုနှစ်ဆောင်နဲ့ ရော်ဘာခြံတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တန်းစီပြီးလောင်သွားတာ။” တောင်သုံးလုံးရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီနေ့က ကျောက်မဲတောင်ရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ထိတွေ့ ပစ်ခတ်မှုရှိခဲ့တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အခုလ ၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ရင်း တွေထဲကပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ဟာ ကလိန်အောင်ဆံတော်ရှင်ဘုရား တောင်တက်လမ်းပေါ်ကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ဥယျာဉ်ခြံတွေမီးလောင်ကာ နေအိမ်သုံးဆောင်ခန့် ကျည်စထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညကလည်း စစ်ကောင်စီပစ်တဲ့လက်နက်ကြီးကျည်ထိမှန်လို့ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာက နေအိမ်တစ်ဆောင်ပျက်စီးခဲ့ပြီး နွားတစ်ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အခုလ ၁၀ ရက်နေ့မှာတော့ သရက်ချောင်းမြို့နယ် မြို့မရပ်ကွက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး‌ နေအိမ်သုံးဆောက်ထက်မနည်း ကျည်စထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“အရက်ရောင်းနေတဲ့ ဆိုင်မှာဆို (ဘူးတွေ)ကွဲကုန်တယ်။ ဘာဖြစ်လို့ပစ်တာမှန်းမသိဘူး။” ပန်းတောရပ်ကွက်နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပန်းတောရပ်ကွက်နဲ့ သရက်ချောင်းမြို့နယ် မြို့မရပ်ကွက်က ရပ်ကွက်ချင်းဆက်နေတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ပူးတွဲတိုက်ခိုက်မှုကြောင့် သရက်ချောင်းမြို့နယ် ပဲဒက်ရွာ၊ ကနက်သီရိ၊ ဂုံညှင်းဆိပ်၊ ရငဲရွာတွေက တိုက်နယ်ဆေးရုံ နဲ့ စာသင်ကျောင်းဆောင်တွေအပါအဝင် နေအိမ်အဆောက်အအုံ ၆ ဆောင်ထက်မနည်းပျက်စီးခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ပြီး အသေးစိတ်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

တနင်္သာရီတိုင်းမ်ကရရှိထားတဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဧပြီလကတော့ မြို့နယ်သုံးခုက နေအိမ်ခုနှစ်ဆောင်ကို စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့တဲ့နေအိမ်အရေအတွက်က ၂၃ ဆောင်ထက်မနည်းရှိခဲ့ပါတယ်။

The Tanintharyi Times