စစ်ကောင်စီတပ်တွေ လောင်းလုံးကို ထိုးစစ်ဆင်ရာမှာ ကုန်းလမ်းထက် ရေကြောင်းကို အဓိကအသုံးပြုလာ
စစ်ကောင်စီတပ်တွေ လောင်းလုံးကို ထိုးစစ်ဆင်ရာမှာ ကုန်းလမ်းထက် ရေကြောင်းကို အဓိကအသုံးပြုလာ
လောင်းလုံးမြို့နယ်နေရာအနှံ့ကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်ဝင်ရောက်ရာမှာ ကုန်းလမ်းထက် ရေကြောင်းကို အသုံးပြုမှု ပိုများလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေမှာ သကျက်တော၊ ရဘဲ၊ ဇလွတ်၊ ကျောက်နီမော်၊ ညောပြင်၊ ကျောက်ဝပ်ပြင်ရွာတွေကို အင်အားဖြည့်တင်းရာမှာလည်း စစ်တပ်ဟာ ရေကြောင်းကိုအဓိကအသုံးပြုခဲ့ပါတယ်။
ကျောက်နီမော်နဲ့ ညောပြင်ရွာမှာ စစ်သင်္ဘောကျောက်ချပြီး ရွာထဲကို လက်နက်ကြီးတွေ ပခုံးထမ်းပြီး စစ်ကောင်စီတပ်သားတွေဝင်လာခဲ့တာကို ရွာခံတွေ မြင်တွေ့ခဲ့ပါတယ်။
မေလ ၉ ရက် ညကလည်း လှေ(၂)စီးနဲ့ လာရောက်ခဲ့တဲ့ စစ်ကောင်စီတပ်သား အင်အား၁၅၀ လောက်ဟာ ရဘဲ သစ်တောကြိုးဝိုင်းနားကတောင်ပေါ်ကို ဒီနေ့မနက်မှာ တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သား ၄၀ပါ လောင်းလှေတစ်စီးဟာလည်း မေလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာအနောက်ဘက် ထားဝယ်မြစ်ထဲကနေ အောက်ဘက်ကို စုန်ဆင်းသွားခဲ့ပါတယ်။
လောင်းလုံးအောက်ဘက်ကနေ လာတယ်လို့ယူဆရတဲ့ စစ်သင်္ဘောတွေကို ထားဝယ်မြို့ ကြက်စားပြင်ရပ်၊ ဘောတံတားအနီး နှစ်ကြိမ်လာဆိုက်ခဲ့တာကို မျက်မြင်တွေ့သူတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီက ကားသုံးစီးနဲ့ လာကြိုခဲ့တာကို တွေ့ရပြီး၊ ဆိုက်ကပ်လာတဲ့ သင်္ဘောက ရိက္ခာလာယူတာမျိုးဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သူ့ရဲ့အမြင်ကို ပြောပြပါတယ်။
ပြီးခဲ့တဲ့မေလ(၅)ရက်နေ့ သကျက်တောရဲစခန်းတိုက်ခိုက်ခံရတဲ့ နေ့ကစပြီး လောင်းလုံမြို့နယ်ကို စစ်ကောင်စီတပ်တွေ သိသိသာသာ စစ်ရေးတိုးမြှင့်လုပ်ဆောင် လာတာဖြစ်ပါတယ်။
