ပဲဒက်ကျေးရွာက ပျူစောထီးအဖွဲ့ဝင် အုပ်ကြီးအိမ်၊ ကြံ့ခိုင်ရေးရုံးနဲ့ ပေတခပ်ရွာက Mytel တာဝါတိုင် တစ်ခု မီးရှို့ဖျက်ဆီးခံရ
ပဲဒက်ကျေးရွာက ပျူစောထီးအဖွဲ့ဝင် အုပ်ကြီးအိမ်၊ ကြံ့ခိုင်ရေးရုံးနဲ့ ပေတခပ်ရွာက Mytel တာဝါတိုင် တစ်ခု မီးရှို့ဖျက်ဆီးခံရ
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာက ပျူစောထီးအဖွဲ့ဝင် အုပ်ကြီးအိမ် နဲ့ ကြံ့ခိုင်ရေးရုံးတို့ကို ဒီနေ့မနက် မနက် ၆ နာရီ ဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
“ပဲဒက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝေ ရဲ့နေအိမ်ကိုမီးရှို့ခဲ့ပြီး ဆေးရုံအရှေ့က ပြည်ခိုင်ဖြိုးရုံးကိုလည်း မီးဝင်ရှို့ခဲ့တယ်၊ ပျူစောထီးခေါင်းဆောင် ဦးညဏ်လှ အိမ်ကိုတော့ သေနတ်အချက်ရေတော်တော်များတယ်ပစ်သွားတာ”လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေ ရွာထဲကိုရောက်လာချိန်မှာ သေနတ်သံတွေကြားခဲ့ရပေမယ့် ပျူစောထီးအဖွဲ့ဝင်တွေထွက်ပြေးသွားခဲ့လို့ နှစ်ဘက်အပြန်ပစ်ခတ်တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီအပြင် ပဲဒက်ရွာနဲ့ တစ်မိုင်ကျော်အကွာက ပေတခပ်ရွာမှာရှိတဲ့ Mytel တာဝါတိုင်က မီးစက် နဲ့ ဆက်သွယ်ရေးစက်ပုံးကို လည်းမီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။
ပဲဒက်ကျေးရွာဟာ စစ်အစိုးရခေတ်တိုင်းမှာ ပြည်သူ့စစ်၊ ပျူစာထီးတွေကြီးစိုးတဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပျူစောထီးခေါင်းဆောင် ဦးညဏ်လှ ဟာဖေဖော်ဝါရီလ ၂ ရက်နေ့က ပဲဒက်ရွာ ပြည်ထောင်စုအကြိုအားကစားပြိုင်ပွဲ ဖွင့်ပွဲလုပ်နေတဲ့အချိန်မှာ လက်နက်ကြီးကျရောက်လို့ ကျည်ကွဲစထိမှန်ပြီး ဒဏ်ရာရခဲ့ဖူးပါတယ်။
