မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ ဖမ်းဆီး

မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ ဖမ်းဆီး

ပုံစာ-အိမ်ရှင်ဦးမောင်နဲ့ ဖမ်းဆီးခံရတဲ့မြန်မာနိူင်ငံသားတွေ

တနင်္သာရီတိုင်းမ်၊ ဧပြီ ၁၁

​မယ်ဟောင်ဆိုင်ခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသအ​ခြေစိုက်မီဒီယာတွေက ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆိုင်ခရိုင်ထဲက ဟွေ့ပုံးကျေးရွာအုပ်စုရှိ ပါလန်းကျွေးရွာက ဦးမောင်ရဲ့နေအိမ်မှာ မြန်မာနိုင်ငံသား ၁၄ ဦး တည်းခိုနေစဥ် ထိုင်းနယ်ခြားရဲတပ်ဖွဲ့ အမှတ် (၃၃၆) က အခုလ ၈ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တည်းခိုနေသူတွေဟာ ပွဲစားခအဖြစ် တစ်ဦးကို ဘတ်ငွေ ၂၅၀၀ ခန့်ပေးခဲ့ရပြီး တည်းခိုနေတာ တစ်ပတ်ခန့်ရှိပြီ လို့လည်း သိရပါတယ်။

အိမ်ရှင်ဦးမောင်ကိုတော့ တရားမဝင်ခိုးဝင်သူတွေကို နေရာထိုင်ခင်းပေးတာ၊ ပုန်းအောင်းဖို့ကူညီတာ စတဲ့ပြစ်မှုတွေနဲ့ တရားစွဲဆိုထားပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ တရားစွဲဆိုမယ်လို့ ထိုင်းအရာရှိတွေကပြောပါတယ်။

အခုလ ၃ ရက်နေ့ကလည်း ဘုရားသုံးဆူနယ်စပ်မှာ ထိုင်းနိုင်ငံကိုခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးအဖမ်းခံခဲ့ရပါတယ်။

ကိုးကား-မယ်ဟောင်ဆိုင်မီဒီယာ

The Tanintharyi Times