ကံပေါက်ဒေသခံ အမျိုးသမီး၅ ဦးထပ်မံဖမ်းဆီးခံရ၊ နှစ်ပတ်ကျော်အတွင်း ပြန်လွတ်လာသူအပါအဝင် အဖမ်းခံရသူ ၃၀ နီးပါးရှိပြီ

ကံပေါက်ဒေသခံ အမျိုးသမီး၅ ဦးထပ်မံဖမ်းဆီးခံရ၊ နှစ်ပတ်ကျော်အတွင်း ပြန်လွတ်လာသူအပါအဝင် အဖမ်းခံရသူ ၃၀ နီးပါးရှိပြီ

စစ်ကောင်စီရေတပ်က ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံအမျိုးသမီး ၅ ဦးကို မနေ့ကမနက်ပိုင်းမှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ ​ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ မချိုအောင်၊ မမီးသန်းကြွယ်၊ မမာဝေ၊ မသန်းစိုး နဲ့ မရွက်နုဝေ တို့ဖြစ်ကြတယ်လို့ သိရပါတယ်။

သူတို့ရဲ့အိမ်တွေကို လွန်ခဲ့တဲ့ သုံးရက်၊ အခုလ ၉ရက်နေ့ ညသန်းခေါင်ကျော် ၁နာရီလောက်မှာရေတပ်က စစ်ကား ၅စီးခန့်နဲ့ လာရောက်ပြီး ဝင်ရောက်စစ်ဆေးကာ ဖုန်းတွေကိုယူဆောင်သွားခဲ့ပါတယ်။

မနက်ပိုင်းမှာ ရဲစခန်းကိုလာရောက်ဖို့ ခေါ်ယူခဲ့တာကြောင့် သွားရောက်ချိန်မှာ အဆိုပါအမျိုးသမီးအားလုံးကို ဖမ်းဆီးလိုက်တာပဲ ဖြစ်ပါတယ်။

“မနေ့ကမနက် ၈ နာရီလောက်ရဲစခန်းလာဖို့ခေါ်လို့သွားကြတာကို တခါတည်း ရေတပ်ကိုဖမ်းခေါ်သွားကြတယ်။ ဖမ်းခံနေရတဲ့သူတွေက ဆက်စပ်နေတဲ့ ဆွေမျိုးသားချင်းတွေချည်းပဲ။ ဒီနားတဝိုက်ကိုပဲပတ်ရမ်းနေတာမျိုးပါ” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလ ၄ ရက်နေ့ညသန်းခေါင်ကျော်က ဖမ်းဆီးခံခဲ့ရတဲ့ မမီးသက်၊ မအသေးလေးနဲ့ ၅ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးခံရတဲ့ ကိုသက်ဦးတို့ ၃ ဦးလည်း အခုအချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။

ကံပေါက်ဒေသမှာ ပြီးခဲ့တဲ့လ ၂၅ရက်ကစပြီး လက်ရှိအချိန်ထိ ပြန်လွတ်လာသူအပါအဝင် ဒေသခံစုစုပေါင်း ၃၀ ဝန်းကျင်ကို စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့ပါတယ်။

The Tanintharyi Times